နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါဆန်းတမျိုးကြောင့် လူ ၄၀ နီးပါးသေဆုံးခဲ့ရပေမဲ့ဒီနေ့ စနေနေ့မှာ အသေအပျောက် ထပ်မရှိတော့ဘဲ ရောဂါထိန်းချုပ်နိုင်ဖို့နဲ့ ဆေးကုသစောင့်ရှောက်မှုပေးနိုင်ဖို့ ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးက ဆရာဝန်တွေနဲ့ဆေးဝန်ထမ်းတွေ အရေးပေါ် သွားရောက်နေကြပြီ လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ကလေးငယ်လေးတွေမှာအဖြစ်များနေတဲ့ ဒီ ကူးစက်ရောဂါဟာ ဘာရောဂါဆိုတာ သိနိုင်ဖို့ အရေးပေါ်စစ်ဆေးနေကြပြီး ကူးစက်ရောဂါ မပြန့်ပွားရအောင် ရောဂါဖြစ်ပွားရာကျေးရွာတွေမှာ ကူးသန်းသွားလာခွင့်ကိုပိတ်ပြီး ရောဂါထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန် ဆက်ပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေထဲမှာ ကူးစက်ရောဂါတခုကြောင့် အနည်းဆုံး လူ၃၉ဦးသေဆုံးခဲ့ရပေမဲ့ အခု အဲ့ဒီ့ဒေသထဲက ကျေးရွာတွေမှာ ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပြီး ဒီနေ့ စနေနေ့မှာတော့ နောက်ထပ်အသေအပျောက်စာရင်း သတင်းမကြားရဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“သုံးဆယ်နဲ့ကိုးယောက်အထိ ဆုံးသွားတယ်။ မနေ့ကနဲ့ဒီနေ့မှာ သေဆုံးသူ မရှိဘူးလို့သိရတယ်။ ရောဂါကိုတော့ နည်းနည်း ထိန်းချုပ်သွားနိုင်ပြီလို့တော့ ကြားရတယ်။ ဆရာတို့အနေနဲ့ အစည်းအဝေးမှာလည်းပြောလိုက်တော့ အဲဒီ ခန္တီးမှာဆိုရင် တိုင်းမှူးကနေပြီး ရဟတ်ယာဉ်တစင်းပေးထားတယ်။ လိုအပ်တာတွေ အကုန်လုပ်ပေးဖို့။ ဒါပေမယ့်လို့လည်း အဲဒီရွာကို လဟယ်ကနေပြီးတော့ ထန်ခေါ်လားမားတို့၊ ထန်ခေါ်နော့ကောင်းကျေးရွာတို့က သွားဖို့ဆိုတာက အင်မတန်မှ ခဲယဉ်းတယ်။ တဝက်လောက်ပဲ ဆိုင်ကယ်နဲ့သွားရမှာဖြစ်ပြီး ဟိုဘက်ကျတော့ ခြေလျင်လျှောက်ရမယ်။ ဟိုဘက်ကတရွာဆိုရင် တောတိုးသွားရမှာတဲ့။ အဲဒီရွာက လူတွေအားလုံးကို ဖျားနာသူတွေအားလုံး ဒီကိုထမ်းသယ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် အဲဒီရွာမှာပဲဆေးကုသပေးဖို့အတွက် နဂိုရ်ကတော့ ဒေသဆိုင်ရာ ကျန်းမာရေးဆရာဝန်တွေ လုပ်ပေးတယ်။ ဟိုတနေ့ကတော့ စစ်ကိုင်းတိုင်းကနေပြီးတော့ အထူးကုတွေ သွားတယ်။ အခုတော့ နေပြည်တော်ကလည်း လာပြီ။ တပ်မတော်ကလည်း ကူညီနေတာနဲ့ အကုန်လုံးဖြန့်ပြီးတော့ ဆင်းနေကြတယ်။”
အခုဆိုရင်တော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကူးစက်ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးရဲ့စီစဉ်မှုနဲ့ နေပြည်တော် တပ်မတော်ဆေးရုံက အထူးကုဆရာဝန်တွေ၊ ခန္တီးတပ်မတော်ဆေးရုံက အထူးကုဆရာဝန် ပါဝင်တဲ့ ကွင်းဆင်း အဖွဲ့၊ဗဟိုကကူးစက်ရောဂါ တိုက်ဖျက်ရေး အဖွဲ့နဲ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အဖွဲ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးက ကူးစက်ရောဂါ တိုက်ဖျက်ရေး အဖွဲ့အပြင် ကချင်ပြည်နယ်က ကူးစက်ဆရာဝန်ကြီးနဲ့ တပ်မတော်ဆေးအဖွဲ့တွေဟာ တပ်မတော် ရဟတ်ယာဉ်နဲ့ ဖြစ်ပွားတဲ့ကျေးရွာတွေကို ကွင်းဆင်းအဖွဲ့နဲ့ ပူးပေါင်း ကွင်းဆင်းသွားနေကြပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အရေးပေါ်ကက်ဘိနက်အစိုးရအဖွဲ့ အစည်းအဝေးခေါ်ယူပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် ဘဏ္ဍာငွေကြေးအရေးပေါ်ထောက်ပံ့ပေးပြီး လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ အရေးပေါ် စီစဉ်ပေးနေတယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကပြောပါတယ်။
“မနေ့က ဆရာ့ကို နာဂဦးစီးအဖွဲ့က ဖုံးဆက်တယ်။ ငွေရေးကြေးရေးခက်ခဲနေပါတယ်ဆိုလို့ - ဆရာတို့အခုနကပဲ ကက်ဘိနက်ထိုင်တယ်။ လောလောဆယ်သုံးဖို့ပြုဖို့နဲ့ နောင်လည်း ခနချန်ထားပေါ့ကွယ်၊ နောင်လည်း ဖြစ်လာရင်လုပ်ဖို့အတွက်။ သိန်းတစ်ထောင် ပဏာမအနေနဲ့ ဆရာတို့ ခွင့်ပြုလိုက်ပြီ။ ဆေးဝါးတွေက အကုန်လုံး ခန္တီးမှာရောက်နေပြီးသား။ အကုန်လုံးက ဖျားနာနေတော့ စားနပ်ရိက္ခာအတွက် လိုအပ်လာရင် ဆရာတို့က ဆန်တွေ တင်ပို့ဖို့လည်း လုပ်မှာ။”
လမ်းပမ်းဆက်သွယ်မှု ခက်ခဲလွန်းတဲ့ အဲ့ဒီ့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ နောက်ထပ် ရောဂါ မပြန့်ပွားရအောင် တရွာနဲ့တရွာ ကူးသန်းသွားလာခွင့်ကို ထိန်းချုပ်လိုက်ပြီး ဖြစ်ပွားနေတဲ့ရောဂါဟာ ဘယ်လိုရောဂါဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့ ရန်ကုန်တိုင်း အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းမှာ အရေးပေါ် စစ်ဆေးနေတယ်လို့လည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
“အခု laboratory ကနေပြီးတော့ ဘာရောဂါလို့ သတ်မှတ်ပြီးတော့ ဘယ်လိုကူညီပြီးတော့ မပြန့်ပွားအောင် ဘယ်လိုလုပ်ဆောင်ရမယ်လို့ ပြောလာခဲ့၊ သိလာခဲ့ရင် ဆရာတို့အနေနဲ့ကြည့်ကျက်ပြီးတော့ လုပ်သွားမယ်လို့ မှန်းထားတယ်။ အခုတော့ ဆရာတို့က ပံ့ပိုးကူညီရုံပဲ။ သမားတော်တွေလည်း သွားကြပြီ။ သူတို့သွားတော့ သူတို့ဆုံးဖြတ်လိမ့်မယ်။ သူတို့သိလာလိမ့်မယ်။ ဆရာ့အနေနဲ့ကတော့ ဒါ နည်းနည်း ဆန်းကျယ်တဲ့ရောဂါတခုလို့ပဲထင်တယ်။ ကူးစက်ရောဂါ၊ လေထဲကလာတဲ့ရောဂါလို့ထင်တယ်။ air boom ပေါ့ကွယ်။ အခု နာဂ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဆိုတာ တောထဲတောင်ထဲမှာ။ ပူးကပ်ပြီးတော့ မနေကြပါဘူး။ ဒါတောင် ဟိုမှာက လူ သုံး-လေး-ငါးရာလောက် ဖြစ်နေပြီ။ ရောဂါကူးစက်တာတွေက။ တယောက်နဲ့တယောက် ဝေးဝေးကွာကွာနေရင်းနဲ့ သူတို့ကူးစက်တယ်ဆိုတာကို ဆရာ အတော်လေးလန့်သွားတယ်။ အခုတော့ အဲဒီမှာ တရွာနဲ့တရွာ မကူးရဘူးလို့ ပြောထားပါတယ်။”
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ကျေးရွာတွေမှာ အရေးပေါ်လိုအပ်တဲ့ ဆေးဝါးအကူအညီတွေနဲ့ စားနပ် ရိက္ခာတွေ ပံ့ပိုးပေးနိုင်အောင် ဝိုင်းဝန်းကူညီပေးနေကြသလို စနေနေ့မှာတော့ ဒီကူးစက်ရောဂါကြောင့် လူအသေအပျောက်ရှိတဲ့သတင်း မကြားရတော့ဘူးလို့လည်း နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်)ရဲ့ အတွင်းရေးမှူးကိုဉာဏ်ထွန်းကပြောပါတယ်။
“ဒီနေ့တော့ အသေအပျောက်စာရင်းတော့ ထပ်တိုးတာ မကြားသေးဘူးခင်ဗျ။ ဒါပေမယ့် လောလောဆယ်တော့ ဆီးရယ်၊ သွေးတွေရယ် စစ်ဖို့ပို့ထားတာအဖြေကိုတော့ ကျနော်တို့ နည်းနည်းစောင့်ကြည့်နေတယ်ခင်ဗျ။ ပံ့ပိုးတဲ့အဖွဲ့အနေနဲ့ ခန္တီးက နာဂယဉ်ကျေးမှုကော်မတီက အဖွဲ့ရယ်။ ခန္တီးက လူမှုရေးအခြေပြု အဖွဲ့အစည်းတခုရယ်ပေါ့- အဲဒီအဖွဲ့နှစ်ဖွဲ့ကပူးပေါင်းပြီးတော့မှ ဒီနေ့ လူသုံးကုန်ပစ္စည်းလေးတွေနဲ့ တခြားလိုအပ်မယ့် ဆေးဝါးလေးတွေ ဒီနေ့ သွားလှူဖို့ ရှိတယ်ခင်ဗျ။”
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ခေါ်လာမား ကျေးရွာမှာ ပြီးခဲ့တဲ့ဇွန်လဆန်းကစပြီး ၁၅ နှစ် အောက်ကလေးငယ်လေးတွေမှာ အဲ့ဒီ့ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တာပါ။ လဟယ်မြို့နယ်အပြင် နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲ က ကဲဆန်နုတ်ညို၊ ကဲဆန်ဆာလင်၊ ကဲဆန်ကာလန်၊ ကဲဆန်ဘောက်လွန်း၊ ကဲဆန်လုံကျန်း ကျေးရွာတွေမှာလည်း အဲ့ဒီ့ ကူးစက်ရောဂါဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့ပါတယ်။
နောက်ဆုံးရထားတဲ့ လူအသေအပျောက်စာရင်းအရ တစ်နှစ်သားအရွယ်ကလေးကစလို့ အသက် ၉၄ နှစ်အရွယ် လူကြီးအထိ အနည်းဆုံး ၃၉ ဦးအထိ သေဆုံးခဲ့တဲ့အတွက် ရောဂါဖြစ်နေတဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသတွင်း အရေးပေါ်ဆေးဝါး ကုသမှုလုပ်ငန်းတွေနဲ့ရောဂါ ကာကွယ် ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက သက်ဆိုင်ရာ တာဝန်ရှိ သူတွေက အအရေးတကြီးဆောင်ရွက်ပေးနေကြတာလည်းဖြစ်ပါတယ်။