သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူးစက်မြန်ရောဂါကြောင့် နာဂဒေသမှာ သေဆုံးသူ ၄၀ နီးပါးရှိ


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းက မြို့နယ်တချို့မှာ အမျိုးအစား မခွဲခြားနိုင်သေးတဲ့ ကူးစက်ရောဂါ တမျိုးကြောင့် သေဆုံးသူဦးရေဟာ အခုနောက်ဆုံး ၄၀ နီးပါးလောက်အထိ တိုးလာပါတယ်။ သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာနဲ့ အမျှ ရောဂါကုသရေးနဲ့ ထိန်းချုပ်ရေးအတွက် ဗဟိုအစိုးရက ကျန်းမာရေး ဝန်ထမ်းတွေပါ စေလွှတ်ထားပါတယ်။ နာဂါဒေသက ကူးစက်ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက လဟယ်မြို့နယ် နဲ့ နန်းယွန်းမြို့နယ်တွေထဲက ကျေးရွာတချို့မှာ အမျိုးအစား အတိအကျ မသိရသေးတဲ့ ကူးစက်မြန်ရောဂါ တမျိုးကြောင့် ကလေးငယ်အများစု အပါအဝင် သေဆုံးသူ အရေအတွက်ဟာ အခုနောက်ဆုံး ၄၀ နီးပါးအထိ ရှိသွားပြီးလို့ နာဂဒေသ ဦးစီးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ကပြောပါတယ်။

" ဒီနေ့အထိကတော့ ထန်ခေါ်လားမားကျေးရွာ ဆုံးသွားတာ ၂၅ဦးပေါ့ သေဆုံးသွားတာ နန်းယွန်းဘက် မှာတော့ ၁၃ဦးလောက် ဆုံးတယ်။ စုစုပေါင်းတော့ ၃၈ ယောက် ရှိပါပြီ။ ကလေးရော လူကြီးပါဖြစ်တာ။ အဖြစ်များတာကတော့ ကလေးတွေမှာ ဖြစ်တာ။ ခုနက ကျနော်တို့ စကားပြောစက်အရ သိရှိရတာကတော့ အဲ့ဒီ့ရောဂါလက္ခဏာ ခံစားရတယ် ဆိုတဲ့ဟာက ၁၅ယောက်လောက်ပဲ ရှိတော့တယ်။ ကျနော်ပြောတာက ထန်ခေါ်လာမားတရွာတည်းကိုပြောတာ။ နှစ်ခုပေါင်းရင်တော့ တစ်ရာကျော် ရှိတယ်။ ရောဂါလက္ခဏာကတော့ ကျနော်တို့ ဒီ ထန်ခေါ်လားမားမှာ ဖြစ်တဲ့ ဟာကတော့ အသက်ရှုလမ်းကြောင်း ပိုးဝင်တာ ဆီးနမူနာနဲ့ သွေးနမူနာတော့ မုံရွာကို မနေ့က ရောက်တယ်ဗျ။ မနေ့ကရောက်တော့ အဲ့ကနေမှ ရန်ကုန်ကို ဆက်ပို့မယ်။ အဲ့က ဓာတ်ခွဲခန်းအဖြေက နောက်ထပ် ၁၅ရက်လောက်မှ ရမယ်ဗျ။ အဲ့ကျမှ ရောဂါလက္ခဏာအခြေအနေ တိတိကျကျ ပြောနိုင်မှာ။"

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးရုံ၊ ဆေးဝါး ချို့တဲ့တဲ့ နာဂဒေသ မှာ ရောဂါဆန်းကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ များလာနေတဲ့ ပြဿနာ ကို ဖြေရှင်းရာမှာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတာပါ။

အခုအခါမှာတော့ ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့နဲ့ ကုသမှုပေးနိုင်ဖို့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေ သာမက၊ တိုင်းဒေသကြီးနဲ့ နေပြည်တော်က ကျန်းမာရေး ဝန်ထမ်းတွေပါ ရောက် လာနေကြပြီလို့လည်း နာဂဒေသ ဦးစီးအဖွဲ့က ဦးသိန်းဇော်က ပြောပါတယ်။

" အခုက ကျနော်တို့ အဲ့ဒီ့မှာ လက်ရှိက တပ်က ဆရာဝန်တယောက်နဲ့ ကျန်းမာရေးက ကုပေးနေတယ်ပေါ့နော်။ နောက် ဒီနေ့က ခန္တီးခရိုင်က တိုင်းကျန်းမာက နှစ်ယောက် လဟယ်က ဆရာဝန်ရယ် နောက် ဌာနဆိုင်ရာ မြို့နယ် ထွေအုပ်ရယ် ပါတဲ့အဖွဲ့နဲ့ ဒီနေ့ ဆိုင်ကယ် ၈ စီး၊ လူ ၁၅ယောက်နဲ့ ကွင်းဆင်းသွားပြီးတော့ နောက်ပြီးတော့ နေ့လည်မှာလည်း နေပြည်တော်က လာတဲ့ ဆရာဝန်သုံးယောက်နဲ့ ခန္တီးခရိုင်က ကျန်းမာရေး ဆရာဝန် တယောက်ပေါ့။ လေးယောက်တော့ ကျနော်တို့ဆီ တက်လာပြီ။ အဲ့ရွာတွေကို ကွင်းဆင်းဖို့။ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ပေါ့နော်။"

ရောဂါကူးစက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတဲ့အတွက် စားနပ်ရိက္ခာ အပါအဝင် လိုအပ်တဲ့ အကူအညီတွေကို ဒေသခံလူမှုရေး အသင်းအဖွဲ့တွေ က ထောက်ပံ့ပေးနေရတယ်လို့လည်း သူကပြောပါတယ်။

စေတနာ့ဝန်ထမ်း အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ နာဂ ကျောင်းသားနဲ့ လူငယ်အဖွဲ့ချုပ် ကလည်း ရောဂါကူးစက်ခံနေရတဲ့ ဒေသအတွက် ကူညီနိုင်ဖို့ စတင်ကြိုးပမ်းနေတဲ့အကြောင်း အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဌေးတင်က ပြောပါတယ်။

" အခုက ကျနော်တို့ နီးစပ်ရာ နီးစပ်ရာပေါ့နော်။ အဲ့လိုမျိုး အလှူငွေ လှူချင်တဲ့သူရှိရင် ကျနော်တို့က လက်ခံပေးပါတယ်ခင်ဗျ။ လှူထားတဲ့အလှူငွေကို ကျနော်တို့က ဒီဒေသမှာ လှူဖြစ်မှာပါ။ အဓိက ကွင်းဆင်းသွားမှာကတော့ ဒေသမှာ ရှိတဲ့ ကျနော်တို့ လူငယ်အဖွဲ့အစည်းတွေကနေပြီးတော့ ကွင်းဆင်းသွားမှာပါခင်ဗျ။"

ဒီကူးစက်မြန်ရောဂါဟာ ဇွန်လ အတွင်းကစပြီးတော့ ထန်ခေါ်လားမား ကျေးရွာမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါလက္ခာကတော့ ဖျားနာတာကစပြီး၊ မျက်စိနာ၊ ချောင်းဆိုး၊ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေအပါအဝင် ဝမ်းပျက်၊ ဝမ်းလျှောတာတွေနဲ့ အပူအနီဖုထွက်တာတွေ၊ သွေးအန်တွေ ပါဝင်တယ် လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒီအတွက်လည်း နေပြည်တော်မှာရှိတဲ့ ဗဟိုကူးဆက်ရောဂါ တိုက်ဖျက်ရေးဌာနက ကျွမ်းကျင်သူတွေ ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ် လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG