သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောဂါဆန်းကြောင့် နာဂဒေသမှာ ၃၆ ယောက်ထက် မနည်း သေဆုံး


နာဂလူမျိုးများ ။
နာဂလူမျိုးများ ။

အသက်ရှူလမ်းကြောင်းထဲဗိုင်းရပ်ပိုးဝင်ရောက်မှုကူးစက်ရောဂါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွမ်းမြို့နယ်အတွင်းက ကလေးငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း(၃၆) ဦးခန့် သေဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေကပြောပါတယ်။ ကူးစက်ရောဂါဖြစ်ပွါးနေတဲ့အဲဒီဒေသမှာ ကျန်းမာရေးလုပ်သားနဲ့ ဆေးဝါး လုံလောက်မှုမရှိလို့ တိုင်းဒေသကြီး နဲ့နေပြည်တော်ကကျန်းမာရေးအဖွဲ့တွေကနေ ထပ်မံအားဖြည့် ကုသသွားဖို့စီစဉ်နေတယ် လို့လဲဆိုပါတယ်။ ဒီအခြေအနေ ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ကူးစက်မြန်ရောဂါ တမျိုးကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို(၃၆)ဦး သေဆုံးခဲ့တယ်လို့ နာဂဦးစီးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဇော်ကပြောပါတယ်။

"လဟယ်မှာတော့ အခုဒီနေ့နဲ့ဆို ဆုံးသွားတာတော့ ၂၄ ဦးပေါ့။ ၂၄ ဦးရှိသွားပြီ။ နန်းယွန်း ဒုံမီးမှာတော့ ၁၂ ဦးပေါ့။ ၁၂ ယောက်ရှိသွားပြီ။ နန်းယွန်းဆိုတာ ကဲဆန်ကားလန်တို့ ဘောက်လွန်းတို့ ကဲဆန်ကားနမ်တို့ အဲရွာတွေကတော့ ၁၂ ယောက်လောက် စုစုပေါင်းဆိုတော့ ၃၆ ယောက်လောက်တော့ ရှိသွားပြီပေါ့။ ကျနော်တို့ တပ်ကွဲ ကမ့်ကို ဆေးနမူနာပို့ထားရုံပဲရှိသေးတယ်။ တိုင်းကိုပို့ထားတာဗျ။ အပူဖုတွေ၊ ချောင်းဆိုးတယ်အကိုရာ ချောင်းဆိုးတော့ သလိပ်မှာသွေး ပါတယ်။ နောက်ပိုင်းမှာ ဆုံးခါနီး သွေးတချက် အန်တယ်ပြောတယ်"

ဒီဖြစ်ပွါးနေတဲ့ရောဂါကို နမိုးနီးယားခေါ် အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တဲ့ရောဂါလို့ သတ်မှတ်ထားပေမဲ့ လူနာတွေရဲ့ သွေး နမူနာ ဆီးနမူနာတွေကို စစ်ဆေးအတည်ပြုဖို့ စစ်ကိုင်းတိုင်းဒေသကြီးရုံးကိုပို့ဆောင်ထားတယ်လို့ ဦးသိန်းဇော်ကဆိုပါတယ်။ ဒီရောဂါဟာ ဇွန်လပထမအပါတ် လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာမှာ စတင်ဖြစ်ပွါးနေခဲ့ပြီး သြဂုတ်လ(၁) ရက်နေ့ အထိ(၂၀) ဦးသေဆုံးရာကနေ အခုဆို နန်းယွန်းမြို့နယ်ထဲက ကဲဆန်ဆာလင်၊ ကဲဆန်ကားလန်နဲ့ ကဲဆန်ဘောက်လွန်း စတဲ့ကျေးရွာတွေအထိပါ ကူးစက်ပြန့်ပွားလာပြီးတော့ (၃၆) ဦး အထိ သေဆုံးမှုဖြစ်ပွါးခဲ့တာပါ။

ရောဂါဖြစ်ပွါးရာနေရာတွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေ ကနေ ဆေးဝါး ကုသနေပေမဲ့ ဆေးဝါးနဲ့ကျန်းမာရေးလုပ်သား ဦးရေလုံလောက်မှုမရှိတဲ့ အခက်ခဲအခြေအနေကိုတော့ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ်က အခုလိုပြောပါတယ်။

"ကုသရင်တော့ ဟိုမှာက ဆေးဝါးမလုံလောက်တာ နောက်ပြီး ဝန်ထမ်းကလည်း နည်းပါးတာပေါ့ဗျာ။ အဲဒီလိုမျိုး။ တရွာထဲမှာဖြစ်တာ မဟုတ်ဘူး။ ဟိုဖက်ရွာမှာ လည်းဖြစ်နေတယ် ဆိုတော့ ဟိုဖက်ရွာမှာလည်း လူခွဲရမယ်ဆိုတော့ တရွာနဲ့တရွာ သွားရတယ်ဆိုတော့ ဒီဖက်မှာလို ကားတွေ ဆိုင်ကယ်တွေ မသွားနိုင်တော့ တော်တော်လေး ခက်ခဲပါတယ်။ လမ်းပမ်းဆက်သွယ်ရေး ဝေးနေတာ ဘယ်လိုမှ ချက်ချင်း ချက်ချင်းမရဘူး။ အဲဒီမှာဖုန်းမရတော့ အိုင်ကွန်တွေနဲ့ လုပ်နေကြရတာ အဆက်အသွယ်အားလုံးကို"

လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ဆရာဝန်ဦးရေနဲပါးတာကြောင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံ အကူအညီတောင်း ထားပြီး လက်ရှိကျန်းမာရေးစောင့်ရှောက်မှု အနေအထားကိုတော့ နာဂဦးစီးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှုးဦးသိန်းဇော် ကအခုလိုဆက်ပြောပါတယ်။

"ကျနော်တို့ဆီက ဆရာဝန်အဖွဲ့နဲ့ သွားပြီးတော့မှ ဆေးကုပေး တယ်ပေါ့။ နောက်ပြီးတော့ တပ်မတော်ကနေ တာဝန်ချထားတဲ့ ဆရာဝန်တွေလည်းရှိတယ်။ အဲဒီဆရာဝန်အဖွဲ့ကလည်း မနေ့ကနေပြီးတော့ ထန်ခေါ်လားမားပေါ့နော် အဲရွာမှာရောက်ပြီးတော့မှ ဆေးကုသမှုတွေ လုပ်နေတယ်။ နောက်ပြီးတော့ ဒီနေ့ကို တိုင်းကျန်းမာ နဲ့ ခမ်းတီးခရိုင်ကျန်းမာ က ၄ ယောက် ရောက်လာတယ်။ သူတို့ ၄ ယောက်ရယ် ကျနော်တို့ရဲ့ဆရာဝန်တွေရယ် မနက်ဖန်ဆိုရင် ကျနော်တို့ နောက်ထပ်ဆရာဝန်အဖွဲ့ပေါ့ အားပြန်ဖြည့်ဖို့ရှိတယ်။ ပြီးရင်လည်း ၂ ရက်လောက်နေရင်တော့ နေပြည်တော်က အဖွဲ့လာမယ်။ နေပြည်တော်ကအဖွဲ့လာမှ အဲဒီအဖွဲ့လည်းဆင်းဖို့ရှိတယ်"

လက်ရှိလဟယ်မြို့နယ်နဲ့နန်းယွမ်းမြို့နယ်ထဲမှာ လူဦးရေ (၁၈၀)ကျော် ရောဂါဝေဒနာ ခံစားနေရဆဲဖြစ်ပြီး နယ်မြေခံကျန်းမာရေး အဖွဲ့နဲ့ တပ်မတော်ဆေးတပ်ဖွဲ့ဝင်တွေကနေကုသပေးနေပါတယ်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဘက်မှာ ဘက်ပေါင်းစုံကနေအားနည်းနေတဲ့ အခြေအနေကြောင့် ကျန်းမာရေးအသိချို့တဲ့မှု ကျန်းမာ ရေးစောင့်ရှောက်နိုင်မှု အားနည်းချက်တွေကြောင့် ရောဂါကူးစက်မှုတွေမြန်ဆန်ခဲ့ပြီး အသက်ပေါင်း များစွာသေဆုံးမှုတွေ ရှိလာနေတယ်လို့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကာစီရန်းကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG