သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမိုးနီးယားကြောင့် နာဂဒေသမှာ လူ ၂၀ သေဆုံး


နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တနေရာ
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တနေရာ

နမိုးနီးယားခေါ် အသက်ရှူလမ်းကြောင်းထဲ ဗိုင်းရပ်ပိုးဝင်ရောက်မှု ကူးစက်ရောဂါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းက ဒေသခံကလေးငယ်အများစုအပါအဝင်(၂၀)ဦးသေဆုံးခဲ့ပြီး (၁၆၀)ဦးကျော် ရောဂါကူးစက်ခံနေရတယ်လို့ နာဂဦးစီး အဖွဲ့ခေါင်းဆောင်တွေ ကပြောပါတယ်။ လက်ရှိမှာမြို့နယ်ကျန်းမာရေးအဖွဲ့တွေကနေ ရောဂါဖြစ် ပွားရာဒေသကိုသွားရောက် ကွင်းဆင်းဆေးကုသနေသလို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဘက်မှာ ဘက်ပေါင်းစုံကနေ အားနည်းနေတဲ့အခြေအနေတွေကြောင့် ရောဂါကူးစက်မှု တွေရှိလာနေတယ်လို့လဲ ပြောဆိုမှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ၊ ထန်ခေါ်နောက်ကုန်းကျေးရွာအုပ်စု အတွင်းမှာ စိုးရိမ်ဖွယ်ရာ ဖျားနာရောဂါဖြစ်ပွားနေတာကြောင့် ကလေးငယ်အများစုနဲ့ သက်ကြီးတွေ (၂၀)ဦး ခန့် သေဆုံးခဲ့တယ်လို့ နာဂဦးစီးအဖွဲ့ဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကာစီရန်းကပြောပါတယ်။

“အဲဒီအနေအထားတွေက စိုးရိမ်စရာတွေရှိနေတယ်။ သေဆုံးသူက ၂၀ ရှိသွားပြီ ၃- ၄ နှစ်အတွင်းမှာ အများဆုံးဖြစ်တယ်။ ကျနော်တို့ ကွင်းဆင်းတဲ့အချိန် စစ်ပေးတဲ့ အုပ်စု ၂ အုပ်စုမှာဆိုရင် အယောက် ၆၀ ကျော်တယ်။ ပြင်းထန်တဲ့ဟာရော မပြင်းထန်တဲ့ဟာရော လူနာဦးရေပေါ့။ ပြင်းထန်တဲ့ဟာ ကတော့ စုစုပေါင်းဆိုရင် ၄၀ -၅၀ လောက်ရှိမယ်။”

ဒီရောဂါဟာဇွန်လ ပထမအပါတ်မှစတင်ဖြစ်ပွါးနေခဲ့ပြီး အခုအချိန်ထိ ကူးစက်မှုရှိနေဆဲဖြစ်သလို လဟယ်မြို့နယ် ထန်ခေါ် နောက်ကုန်းကျေးရွာအုပ်စု အတွင်းမှာ ရောဂါဖြစ်ပွားသူ(၁၆၀)ကျော်ရှိနေပြီး စိုးရိမ်နေသူ(၄၀)ကျော် ရှိနေတယ်လို့ ကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့တဲ့ ဦးကာစီရန်းကပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ(၂၄)ရက်နေ့ကစပြီး နာဂဦးစီးအဖွဲ့ဝင် ဦးကာစီရန်း ဦးဆောင်တဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့တွေကနေ ရောဂါဖြစ် ပွားရာဒေသကိုသွားရောက် ကွင်းဆင်းဆေးကုသခဲ့ပါပေမယ့် ရောဂါဖြစ်ပွားမှုနှုန်းက ကျမသွားခဲ့ဘူးလို့ ဦးကာစီရန်းကပြောပါတယ်။

ဒီရောဂါဖြစ်ပွါးမှုနဲ့ကုသနေမှုနဲ့ပက်သက်ပြီး လဟယ်မြို့နယ် ဆရာဝန် ဒေါက်တာဟိန်းထွဋ် က အခုလိုပြောပါတယ်။

“ရေဂါတွေကတော့ ကလေးတွေအဖြစ်များတာပေါ့နော် ဖျားတာတို့ ၊ အဆုပ်အအေးမိတာတို့ အဲဒီရောဂါအဖြစ်များတာပေါ့နော်။ လောလောဆယ်တော့ ကျန်းမာရေးမှူးတွေ ၊ဆရာဝန်တွေ ဆရာမတွေက ဖြစ်တဲ့နေရာကို ကုသမှုပေးနေတာပေါ့နော်။ အဓိကတော့ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့ဟာပေါ့ နမိုးနီးယားပေါ့နော် အဲဒီရောဂါအဖြစ်များတယ်။ ကလေးတွေအဖြစ်များတယ်။ နည်းနည်းရောဂါပြင်းတာက ၃၀-၄၀ လောက်ရှိမှာပေါ့။ ကျနော်တို့ စောင့်ကြည့်ရမယ့် လူနာပေါ့လေ။”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအတွင်းဖြစ်ပွားနေတဲ့ နမိုးနီးယားရောဂါဟာ ဗိုင်းရပ်ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာတာကြောင့် အဆုတ်အတွင်းလေအိတ်တွေယောင်ရမ်းလာပြီး ပြည်တည်လာတဲ့အတွက် ဖျားနာခြင်း ချမ်းတုန်ခြင်း အသက်ရှုခက်ခဲခြင်းဝေဒနာကိုခံစားရသလို အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်နိုင်ပါပြီး မွေးကင်းစကလေးတွေ ကလေး ငယ်တွေနဲ့ အသက် ၆၅နှစ် နဲ့အထက်လူကြီးတွေဟာ အဆုတ်ရောင် နမိုးနီးယားရောဂါကိုပိုမိုခံစားရလေ့ရှိတယ်လို့ ဒေါက်တာ ဟိန်းထွဋ်ကပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်မှာ ဘက်ပေါင်းစုံကနေ အားနဲနေတဲ့အခြေအနေကြောင့် အဟာရချို့တဲ့မှုကနေ ရောဂါကူး စက်မှုတွေရှိလာနေတယ်လို့ ဦးကာစီရန်းကပြောပါတယ်။

“အဟာရချို့တဲ့ပြီးတော့ ရောဂါဝင်တာပေါ့နော် အဲဒီပုံစံမျိုးတွေဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့ ဒေသရဲ့အနေအထားအရ ဆန်စပါးတွေ မဖူလုံတဲ့အခါကျတော့ အဲဒီ အဟာရချို့တဲ့ တဲ့အနေအထားတွေပေါ့နော် ပြီးတော့ အသိအမြင်တွေအားနည်းတဲ့ အနေအထားတွေကြောင့် ကျနော်တို့ ဝန်ထမ်းအင်အားတွေလည်း လိုတယ်ပေါ့နော် ဘက်ပေါင်းစုံက အားနည်းနေတဲ့အနေအထားတွေပေါ့လေ။”

ဒါ့အပြင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု့ ကျန်းမာရေးဝန်ထမ်းတွေကလဲ တာဝန်ကျရာ ဒေသကိုပြန်မရောက်မှု့ စတဲ့ ပြဿနာအခက်ခဲတွေရှိနေတယ်လို့လဲ နာဂဦးစီးအဖွဲ့ဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကာစီရန်းကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG