သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အုပ်စုတွေကို BRICS ညီလာခံရှုတ်ချ


BRICS ညီလာခံတက်ရောက်သော နိုင်ငံ့ခေါင်းဆောင်များ
BRICS ညီလာခံတက်ရောက်သော နိုင်ငံ့ခေါင်းဆောင်များ

ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ အကြမ်းဖက်အုပ်စုတွေကို BRICS လို့ခေါ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ၅နိုင်ငံပူးပေါင်းရွက်ရေးအဖွဲ့က အပြင်းအထန် ရှုတ်ချ လိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ၃ရက်ကြာကျင်းပ နေတဲ့ BRICS ၅နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား တိုးတက်ကောင်းမွန်လာနေတဲ့ စီးပွါးရေးပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အနာဂတ်မှာတိုးမြင့်လုပ်ဆောင်ကြဖို့ကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ကိုကျော် အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ပါကစ္စတန်နိုင်ငံမှာအခြေစိုက်တဲ့ Lashkar-e- Taiba အဖွဲ့၊ Jaish-e-Mohammed အဖွဲ့နဲ့ Haqqani အဖွဲ့အပါအဝင် ဒေသတွင်းက အကြမ်းဖက်အဖွဲ့အစည်းတွေကို အပြင်းအထန်ရှုတ်ချတဲ့အကြောင်း BRICS ၅နိုင်ငံပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်အစည်းအဝေးက ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖေါ်ပြထားတာပါ။

ဒါဟာ ပထမဆုံး အကြိမ်အဖြစ် အဖွဲ့ အစည်းနာမည်တွေကိုထုတ်ဖေါ်ပြီး BRICS အဖွဲ့က ရှုတ်ချတာလည်းဖြစ်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံ အပါအဝင်ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ပူပန်တဲ့အကြောင်း IS စစ်သွေးကြွအဖွဲ့၊ တာလီဘန်၊ အလ်ခိုင်းဒါးနဲ့ဆက်စပ်နေတဲ့ အရှေ့တာကစ္စတန် အစ္စလမ်းမစ်လှုပ်ရှားမှုအဖွဲ့၊ အူဘက်ကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှု အဖွဲ့တွေကိုလည်း အပြစ်တင် ရှုတ်ချပြီး BRICS ၅နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ကမ္ဘာတဝှမ်းက အကြမ်းဖက်တိုက်ခိုက်ခံရ မှုတွေကို လည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်ဝါဒနဲ့ပတ်သက်တဲ့ကိစ္စကို ထိပ်သီးညီလာခံမှာ အထူးတလည်ပြောဆို တဲ့သူကတော့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီဖြစ်ပြီး သူ့ရဲ့ဆွေးနွေးမှုကို တခြားခေါင်းဆောင်တွေကလည်း လိုလား ထောက်ခံတဲ့အကြောင်းထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ အဓိကထားပြောဆိုကြတာကတော့ ၅နိုင်ငံအတွင်း စီးပွါးရေးပူးပေါင်းလုပ်ဆောင်မှုတွေအကြောင်းပါပဲ။ တရုတ်သမ္မတရှီကျင်းပင်က အဖွဲ့ဝင်နိုင်ငံတွေအတွင်း စီးပွါးရေးပူးပေါင်လုပ်ဆောင်မှုတွေ တိုးမြင့်လာနေတယ်လို့ဆိုပါတယ်။

“အဖွဲ့ဝင်နိုင်ငံတွေအတွင်း အရှုံးမရှိတဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကို ကျနော်တို့ မြင့်တင်နေတဲ့အကြောင်း ဦးစွာပြောကြားလိုပါတယ်။ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဟာ BRICS ၅နိုင်ငံအဖွဲ့ရဲ့ပင်မကျောရိုးပါပဲ။ ဒီနှစ်မှာ ကျနော် တို့အဖွဲ့ဝင်၅နိုင်ငံအကြား ကုန်သွယ်ရေးရင်းနှီးမြုတ်နှံမှု၊ ဘဏ္ဍာရေးနဲ့ တခြားလုပ်ငန်းတွေမှာ ဘုံသဘောတူညီမှုအသစ် နဲ့ ပူးပေါင်းလုပ်ဆောင်ရေးကိစ္စတွေ လုပ်လာနိုင်ပါပြီ။ ပုဂ္ဂလိက စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပါ ရှေ့ဆက်ပြီးကျနော်တို့လုပ် ဆောင်လာနိုင်ပါလိမ့်မယ်။”

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း BRICS ၅နိုင်ငံအတွင်း ဦးစားပေးကုန်သွယ်မှု နဲ့ရင်းနှီးမြုတ်နှံမှုတွေပူးတွဲလုပ်လာ နိုင်တာကို သဘောကျတယ်လို့ဆိုပါတယ်။

“BRICS ၅နိုင်ငံအဖွဲ့ရဲ့စီးပွါးရေးကောင်စီကနေ ကုန်သွယ်ရေးနဲ့ရင်းနှီးမြုပ်နှံမှုတွေ ကိုဖိတ်ခေါ်ရေးမှာ ဦးစားပေးရမယ့် အချက်တွေကို တူညီအောင်ညှိနှိုင်းပေးလာနိုင်တာ ကျနော်ဝမ်းမြောက်မိပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအကြား လုပ်ငန်း ကျွမ်းကျင်မှုတိုးမြင့်လာရေး၊ အခြေခံအဆောက်အဦးတွေတိုးမြင့်လာရေး အသေးစား၊ အလတ်စားစီးပွါးရေးလုပ်ငန်းတွေ ကိုမြင့်တင်ပေးဖို့နဲ့ အင်တာနက်အခြေပြုကုန်သွယ်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စီးပွါးရေးစတာတွေက အဓိက ထားသင့်တဲ့ကိစ္စတွေပါပဲ။”

BRICS ၅နိုင်ငံအဖွဲ့အတွင်း စီးပွါးရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၇၆.၄သန်းနဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ သန်း၅ရာကိုထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ ပါတယ်။

၉ကြိမ်မြောက် BRICS ၅နိုင်ငံပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို စက်တင်ဘာလ ၃ရက်ကနေ ၅ရက်နေ့ထိ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Xiamen မြို့မှာကျင်းပခဲ့ပြီး အဲဒီထိပ်သီးဆွေးနွေးပွဲမှာ တရုတ် သမ္မတ ရှီကျင်းပင်၊အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာမိုဒီ၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်၊ ဘရာဇီးလ်သမ္မတ မီရှလ် တယ်မဲလ်နဲ့ တောင်အာဖရိကခေါင်းဆောင် ဂျက်ကော့ဖ် ဇူးမားတို့တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိဝန်ကြီးချုပ် မိုဒီကတော့ အဲဒီအစည်းအဝေးအပြီး မြန်မာနိုင်ငံကို ခရီးဆက်မှာပါ။ မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာမယ့် မစ္စမိုဒီ ဟာ သူ့ရဲ့၂ရက်ကြာမြန်မာပြည်ခရီးစဉ်အတွင်း လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ၂နိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ အိန္ဒိယ-မြန်မာကုန်သွယ်ရေး၊ နယ်စပ်ဆက်သွယ်ရေး တိုးတက်မှုတွေအကြောင်းဆွေးနွေးမယ့်သဘောရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG