နိုင်ငံ ၅ နိုင်ငံပါဝင်တဲ့ စီးပွားရေးအင်အားကောင်းစနိုင်ငံများ BRICS ထိပ်သီးစည်းဝေးပွဲကို တနင်္ဂနွေနေ့ကျရင် တရုတ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာတွေအပေါ် အနောက်နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ BRICS နိုင်ငံတွေက သူတို့ရဲ့ပူးပေါင်းစီးပွားအင်အားကို ပြသဖို့ ရည်ရွယ်တဲ့စည်းဝေးပွဲလို့ လေ့လာသူတွေက ပြောကြပါတယ်။ အထူးသဖြင့် တရုတ်သမ္မတက နိုင်ငံတကာရေးရာမှာ ဦးဆောင်နိုင်သူဖြစ်တယ်ဆိုတာကို ကမ္ဘာ့အလယ်မှာ ပြသဖို့ကြိုးစားနေတယ်လို့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဘေဂျင်းမြို့တော်ကနေသတင်းထောက် William Ide နဲ့ Saibal Dasgupta တို့ပေးပို့တဲ့သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
BRICS လို့အတိုကောက်ခေါ်တဲ့ Brazil, Russia, India, တရုတ် နဲ့ တောင်အာဖရိကနိုင်ငံတွေ ပါဝင်တဲ့ စီးပွားရေးအင်အားကောင်းစနိုင်ငံများထိပ်သီး စည်းဝေးပွဲကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Xiamen မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကြား သိသာတဲ့သဘောာထားကွဲမှုတွေရှိနေချိန် အိမ်ရှင်တရုတ်နိုင်ငံက သူ့ရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအတွက် BRICS အဖွဲ့ကို အသုံးချနေသလားဆိုတဲ့ သံသယတွေရှိနေချိန်မှာ ဒီထိပ်သီးစည်းဝေးပွဲကို ကျင်းပတာဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတ Trump အစိုးရက အမေရိကန်ဦးစားပေးဆောင်ရွက်နေချိန်မှာ တရုတ်နိုင်ငံကတော့ နိုင်ငံစုံအကျိုးကို ဦးစားပေး လုပ်နေပါတယ်ဆိုတာပြသဖို့ အခွင့်အလမ်းကောင်းအဖြစ် တရုတ်အစိုးရက တွက်ထားတာသေချာတယ်လို့ အမေရိကန်အခြေစိုက် Asia-Pacific Center for Security Studies အဖွဲ့က ပါမောက္ခ Mohan Malik ကပြောပါတယ်။
မိတ်ဆွေနိုင်ငံ မဟာမိတ်နိုင်ငံ သိပ်မများတဲ့ တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေ အလယ်အလတ်နိုင်ငံတွေနဲ့ နိုင်ငံစုံပါဝင်တဲ့ဆွေးနွေးပွဲတွေ။ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို များနိုင်သမျှ များအောင်လုပ်ဖို့ စိတ်အားသန်နေတယ်လို့ ပါမောက္ခ Malik က VOA ကိုပြောကြားခဲ့ပါတယ်။
BRICS ထိပ်သီးစည်းဝေးပွဲကျင်းပတဲ့အတွက် တရုတ်သမ္မတ Xi Jinping ကို ကမ္ဘာ့ခေါင်းဆောင်တယောက်အဖြစ် ပိုပြီးအမြင်ရောက်စေတယ်လို့ တရုတ်ပြည်သူတချို့ကလည်း ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ BRICS အဖွဲ့ထဲမှာပါတဲ့ ရုရှားနဲ့ India နိုင်ငံတွေဖက်က ဒါကို သဘောတူရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
အာရှအလယ်ပိုင်းနိုင်ငံတွေမှာ အခြေခံအဆောက်အအုံတွေ တိုးတက်ဖွံ့ဖြိုးစေတဲ့ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းကို ရုရှားတို့ဖက်က တက်တက်ကြွကြွ ထောက်ခံခြင်း မရှိပါဘူး။ ရုရှားကိုယ်တိုင်က အာရှ ဥရောပစီးပွားရေးသမဂ္ဂ Eurasian Economic Union အစီအစဉ်ကို လုပ်နေတာပါ။ တခါ တရုတ်နဲ့ India ကလည်း သဘောထားကွဲမှုတွေ ရှိပါတယ်။ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ ဘူတန်နိုင်ငံထဲက Doklam ကုန်းပြင်မြင့်ကိစ္စနဲ့ပါတ်သက်လို့ စစ်ရေးပဋိပက္ခ ဖြစ်လာတော့မယ့်အထိ တင်းမာမှုတွေလတ်တလောမှာပဲဖြစ်ခဲ့တာပါ။
နယ်နမိတ်အငြင်းပွားမှုနဲ့ပါတ်သက်လို့ တရုတ်တို့ဖက်က နောက်ဆုတ်လိုက်တယ်လို မကြေညာမချင်း India ဝန်ကြီးချုပ် Narendra Modi က BRICS ထိပ်သီးစည်းဝေးပွဲတက် မတက်ဆိုတာ India အစိုးရဖက်က မကြေညာခဲ့ပါဘူး။
တရုတ်အစိုးရဟာ တရုတ်နိုင်ငံထဲမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ တည်ထောင် လာအောင် အခုနောက်ပိုင်းနှစ်တွေမှာ အားပေးလာပါတယ်။ တရုတ်လုပ်ငန်းတွေ ဦးဆောင်တဲ့ ဒီအဖွဲ့အစည်းတွေထဲမှာ အနောက်နိုင်ငံတွေက မပါဝင်သလောက်မြင်ရပါတယ်။ BRICS အဖွဲ့အပြင်။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှပ်နှံမှုဘဏ် AIIB။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ရုံးချုပ်တွေကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်စေပါတယ်။ BRICS အဖွဲ့ထဲမှာ တခြားနိုင်ငံတွေပိုပါဝင်လာအောင် BRICS Plus အဖြစ်တိုးချဲ့ဖို့လည်း တရုတ်အစိုးရက လတ်တလောမှာပဲ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်အပေါ် ကျန်အဖွဲ့ဝင်နိုင်ငံတွေက ခိုင်ခိုင်မာမာကန့်ကွက်ခဲ့ကြပါတယ်။
""တရုတ်ကအဖွဲ့ခေါင်းဆောင်ဖြစ်ချင်တယ်။ ဒါပေမဲ့ တခြား ၄ နိုင်ငံက လက်ခံချင်မှ လက်ခံမှာပါ။ ဒါကြောင့် တရုတ်ကနောက်ထပ်အဖွဲ့ဝင်တွေ ထပ်ပါလာအောင် တွန်းတွန်းတိုက်တိုက်လုပ်နေတာဖြစ်ပါတယ်။"
တရုတ် ဥရောပ နိုင်ငံတကာစီးပွားရေးတက္ကသိုလ်က ဘဏ္ဍာရေးနဲ့ စာရင်းအင်းဌာန ပါမောက္ခ Oliver Rui ရဲ့သုံးသပ်ချက်ပါ။ BRICS အဖွဲ့ ပိုပြီးခိုင်မာစေဖို့ထက် တရုတ်ရဲ့အနေအထား ပိုပြီးအားကောင်းစေဖို့လို့ တချို့ကလည်းပြောကြပါတယ်။ တရုတ်နဲ့ ရုရှားတို့ ဦးဆောင်လွှမ်းမိုးနေတဲ့ SCO အဖွဲ့လို အနောက်ဆန့်ကျင်တဲ့အဖွဲ့အစည်းမျိုးဖြစ်အောင် BRICS ကိုလုပ်ပြီး တရုတ်ရဲ့ခေါင်းဆောင်မှုနဲ့ တရုတ်အကျိုးစီးပွားကို တိုးတက်အောင် လုပ်ချင်ပုံရတယ်လို့ ပါမောက္ခ Mohan Malik ကပြောပါတယ်။ တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိ Xiamen မြို့မှာကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲမှာတော့ ဒီကိစ္စကို တရုတ်အစိုးရက ရှေ့တန်းတင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ BRICS Plus အဖြစ်နိုင်ငံတွေ တိုးချဲ့ဖို့ဘာကြောင့် အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေကို နောင်မှာ ထပ်ပြီးရှင်းပြဖို့လိုမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားခဲ့ပါတယ်။
ပါမောက္ခ Oliver Rui ကတော့ လက်ရှိရှိနေတဲ့ BRICS အဖွဲ့ဝင် ၅ နိုင်ငံကြား စည်းစည်းလုံးလုံးရှိစေမယ့်ကိစ္စတွေကို ရှာဖွေဖို့လိုမယ်လို့ ခုလိုပြောပါတယ်။
"အကြောင်းအချက်တော်တော်များများကို အခြေခံပြောရင် BRICS အဖွဲ့ကြီးဟာ ပြိုကွဲနေပြီလို့ ကျွန်တော်ထင်ပါတယ်။ အဖွဲ့ဝင် ၅ နိုင်ငံအနေနဲ့ အဖွဲ့အစည်း ၁ ခုထဲမှာပဲ မပါဝင်နေသင့်ပါဘူး။"
အဖွဲ့ဝင်နိုင်ငံတခုချင်းစီမှာ မတူညီမှုတွေအများကြီးရှိနေတယ်လို့ သူကပြောပါတယ်။ BRICS အဖွဲ့ဟာ ကုန်သွယ်ရေးအဖွဲ့ကြီးမဟုတ်တဲ့အတွက် WTO ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးအောင်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် ဒီအဖွဲ့နဲ့ ကုန်သွယ်ရေးမမျှတမှု ကြီးမားတယ်လို့ BRICS ရဲ့စီးပွားဖက်နိုင်ငံ တချို့ကလည်း ထောက်ပြနေကြပါတယ်။ တရုတ်နဲ့စီးပွားရေးမှာ သူများနိုင်ငံတွေဆီက ဝယ်တာထက် သူတို့ကုန်ပစ္စည်းတွေရောင်းတာ ပိုများတဲ့အတွက် ကုန်သွယ်ရေးမမျှတဘူးလို့ ပြောကြတာပါ။
ဒါပေမဲ့ တရုတ်နိုင်ငံကတော့ ကမ္ဘာ့လူဦးရေရဲ့ ၄၀% ကိုကိုယ်စားပြုထားတဲ့ BRICS အဖွဲ့ကြီးဟာ အင်အားကောင်းစ ဈေးကွက်တွေပိုပြီးတိုးတက်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ စီးပွားရေးပိုမိုခိုင်မာအောင်လုပ်နေတယ်လို့ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့အခန်းကနေ ပိုပြီးပါဝင်လာပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yin က ပြောပါတယ်။