သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BRICS နဲ့ ပူးတွဲညီလာခံကနေ မြန်မာအတွက် ရလဒ်ကောင်းတွေ မျှော်လင့်


BRICS အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခေါင်းဆောင်များ။ ( ဇူလိုင်-၂၀၁၅)

အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ အောက်တိုဘာလထဲ ကျင်းပမယ့် BIMSTEC နဲ့ BRICS ပူးတွဲ ထိပ်သီးညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး- အဲဒီညီလာ ခံမှာ ဆွေးနွေးနိုင်လိမ့်မယ် လို့ မြန်မာ အစိုးရဘက်က မျှော်လင့်နေတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အောက်တိုဘာလ ၁၅ နဲ့ ၁၆ ရက် အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာကျင်းပမယ့် ၈ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံကို BIMSTEC အဖွဲ့ဝင်နိုင်ငံ က ခေါင်းဆောင်တွေ တက်ရောက်ဖို့ ဖိတ်ကြား ထားတာကြောင့် အဲဒီညီလာခံ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက VOA မြန်မာပိုင်းကို ပြောပါတယ်။

" အိန္ဒိယ ဂိုအာမှာ ၁၅၊ ၁၆ မှာ BIMSTEC and BRICS ဆိုပြီးရှိပါတယ်။ Outreach Summit of the BIMSTEC and BRICS partners ဆိုပြီးတော့ပေါ့။ ခါတိုင်းကတော့ BIMSTEC ကတခု၊ BRICS ကတခု အဲ့နှစ်ခုကိုပေါင်းပြီးတော့မှ အခု Summit လုပ်တဲ့သဘောပါ။ အဲ့တာကို ဖိတ်ထားတာပါ။"

၎ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာ လက်ခံ ကျင်းပခဲ့ပြီး၊ အခုတခါ ၈ ကြိမ် မြောက် ထပ်မံ ကျင်းပ တာဖြစ်ပါတယ်။

စီးပွားကုန်သွယ်မှုအတွက် ဖွဲ့ထားတဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နိုင်ငံတွေပါဝင်ပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ဖွဲ့ထားတဲ့ BIMSTEC ထဲမှာတော့ ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါနိုင်ငံတွေ ပါဝင်တာဖြစ်ပါတယ်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့ထားတဲ့ BIMSTEC နိုင်ငံတွေအနေနဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးတွဲကျင်းပမယ့် ညီလာခံကနေ မြန်မာနိုင်ငံအတွက် ဘယ်လို ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲဆိုတာကိုတော့ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ရှင်းပြပါတယ်။

" မြန်မာကတော့ BIMSTEC မှာ တက်တက်ကြွကြွပါနေတယ်။ ဒီထဲမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘက်စုံပူးပေါင်းဆောင်ရွက်မှုရှိတယ်။ များသောအာ့းဖြင့် မြန်မာနိုင်ငံကတော့ ကိုယ်အားသန်တဲ့ စိုက်ပျိုးရေးတို့ စွမ်းအင်တို့မှာ ပူးပေါင်းဆောင်ရွက်ပြီးတော့ ညှိနှိုင်းရေး တာဝန်ခံတဲ့ ကဏ္ဍတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်မှုတွေရှိပါတယ်။ "

၂၀၁၄ ခုနှစ်တုန်းကလည်း BIMSTEC ညီလာခံတခုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ BRICS နဲ့ BIMSTEC ပူးတွဲ ထိပ်သီးညီလာခံကို ထိပ်သီး မြန်မာခေါင်းဆောင်တဦး တက်ရောက်ခြင်းအတွက် အလားလာကောင်းတွေ မျှော်လင့်နိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှုကုန်သည်ကြီးများ အသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

" ဒါတွေက စီးပွားရေးအရလည်း တကမ္ဘာလုံးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးနယ်ပယ်မှာ ကျယ်ပြန့်လာမယ်ဆိုတဲ့သဘောဆောင်ပါတယ်ခင်ဗျ။ ဒါတွေက စုဖွဲ့ထားတဲ့ စီးပွားရေး၊ နိုင်ငံရေး စုဖွဲ့ထားတဲ့အဖွဲ့တွေ ထိတွေ့တာကတော့ တိုင်းပြည်အတွက် အကျိုးရှိမှာပါခင်ဗျ။ အိန္ဒိယနဲ့ဆိုရင်လည်း ကျနော်တို့ လုပ်ငန်းဆောင်ရွက်မှုတွေ အများကြီးရှိတာပဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ ဆိုလည်း ဆောင်ရွက်မှုတွေ အများကြီးရှိတာပဲ။ နယ်စပ်ပေါ့။ အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုတွေရှိတယ်။ ဒါတွေ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်တဲ့ အနေအထားတွေရှိပါတယ်။ "

BIMSTEC နိုင်ငံတွေကြား ညီလာခံတွေကျင်းပလေ့ ရှိပေမယ့် လက်တွေ့မှာ မြန်မာနိုင်ငံအတွက် ထိရောက်တဲ့ ရလဒ်ကောင်းတွေ ခုထိမမြင်ရ သေးဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က မြင်ပါတယ်။

" ကိုယ်သိသလောက်ကတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းမှာ အနောက်ဘက်ခြမ်းက ဘင်္ဂလားဒေ့ရှ် အိန္ဒိယ မြန်မာဆို ဘင်္ဂလားဒေ့ရှ် နဲ့လည်း ဘာမှ သိပ်ထွေထွေထူးထူး မရှိဘူး။ အိန္ဒိယနဲ့လည်း ဘာမှ ထွေထွေ ထူးထူး သိပ်မရှိဘူး။ သူတို့ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှု သိပ်နည်းတယ်လို့ အဲ့သလို မှတ်မိတယ်။"

မြန်မာနိုင်ငံပါဝင်တဲ့ BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ BRICS အဖွဲ့ကိုတော့ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၂% ရှိပြီး၊ စီးပွားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၆ ထရီလီယံကျော် ရှိပါတယ်။ BRICS အဖွဲ့ဝင် နိုင်ငံတွေဟာ တချိန်မှာ ခိုင်မာတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတခု ထူထောင်နိုင်ဖို့ ရည်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG