သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် မြန်မာကို စက်တင်ဘာ ၅-၇ ရက်လာမည်


အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၅ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ ၃ ရက်ကြာ ခရီးစဉ်နဲ့ လာရောက်ဖို့ ရှိပါတယ်။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BRICS အဖွဲ့ ထိပ်သီး အစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့ ကနေ ၅ ရက်နေ့အထိ တက်ပြီးတဲ့နောက် မြန်မာနိုင်ငံကို ခရီးဆက်မှာပါ။ ဝန်ကြီးချုပ် မိုဒီရဲ့ ခရီးစဉ်ကို မြန်မာနိုင်ငံမှာ တရုတ်ရဲ့သြဇာ လွှမ်းမိုးမှု ကြီးထွားလာနေတာကို တန်ပြန်တဲ့ အနေနဲ့ မဟာဗျူဟာနဲ့ စီးပွားရေး ဆက်ဆံမှုတွေ တိုးချဲ့ဖို့ ကြိုးစားတဲ့ ခရီးစဉ် အဖြစ် မြင်ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပဲအမျိုးမျိုးကို အိန္ဒိယက တင်သွင်းနေတာ ကန့်သတ်လိုက်ပြီးတဲ့ နောက်ပိုင်း လာရောက် မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိထားတဲ့ အချိန် လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့လည်း ရည်ရွယ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အိန္ဒိယက ပြစ်တင် ရှုတ်ချထားတာပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးခဲ့တဲ့ ဇူလိုင်လက အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ချိန် ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ တရုတ်နဲ့ နယ်စပ် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် ပုန်ကုန်မှုတွေကို တိုက်ခိုက်တာမှာ ထောက်လှမ်းရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ ကြပါသေးတယ်။ အခု ခရီးစဉ်အတွင်း ငလျင်ဒဏ် သင့် ပုဂံဘုရားတွေ ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုးဖို့လည်း ရှိပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့အခုခရီးစဉ်ဟာ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် မဟုတ်ပေမယ့်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေး အနေနဲ့ လာတာကတော့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အိန္ဒိယ-အာဆီယံ အစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေ တက်ဖို့ မစ္စတာမိုဒီ ပထမတကြိမ် လာခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG