သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ဝန်ကြီးချုပ်နှင့်တွေ့


ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ဝန်ကြီးချုပ်နှင့်တွေ့
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ဝန်ကြီးချုပ်နှင့်တွေ့

မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ လာအိုနိုင်ငံ ဗီယင်ကျန်းမှာ သီးသန့်တွေ့ဆုံပြီး ၂ နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၄ ကြိမ်မြောက် အိန္ဒိယ- အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းဝေးတွေကို တက်ရောက်ဖို့ လာအိုနိုင်ငံကို ရောက်ရှိနေတုန်း ကြာသပတေးနေ့က အိန္ဒိယ ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ ပြယုဂ် စံပြထားရပြီး ဖွံ့ဖြိုးရေးအတွက် မိတ်ဖက်ကောင်းတယောက် ဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့ တွေ့ဆုံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Vikas Swarup က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့တာပါ။

၂ နိုင်ငံ ခေါင်းဆောင် ၂ ဦးဟာ အိန္ဒိယ မြန်မာ ၂ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တွေနဲ့ ပတ်သက်ပြီး အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Swarup ကပြောပါတယ်။

အိန္ဒိယ မြန်မာ ၂ နိုင်ငံကြားမှာ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး မြန်မာ့မြေပေါ်ကနေ အိန္ဒိယ အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တွေ မရှိစေရေး၊ ပြီးခဲ့တဲ့ လ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်စဉ်မှာ မြန်မာဘက်က အာမခံခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပါတ်ထဲ အိန္ဒိယကို ပထမဆုံး နိုင်ငံတော် ခရီးစဉ်အဖြစ် အလည်ရောက်လာတဲ့ သမ္မတ ဦးထင်ကျော် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့လည်း နယူးဒေလီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ အကြောင်းရာမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး မြန်မာနိုင်ငံ ရှေ့ဆက်ရမယ့် ခြေလှမ်းတိုင်းအတွက် အိန္ဒိယက အတူ ရပ်တည်ပေးမှာ ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

အခု ခေါင်းဆောင် ၂ ဦးရဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မတ်လထဲ အာဏာရခဲ့ပြီးတဲ့ နောက်ပိုင်း အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ်တွေ့ ဆုံတာ ဖြစ်ပါတယ်။ မကြာခင် လတွေ အတွင်း အိန္ဒိယနိုင်ငံ မှာ ကျင်းပမယ့် BRICS- BIMSTEC ထိပ်သီးညီလာခံတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ထားကြောင်းလည်း အိန္ဒိယ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG