သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ နဲ့တွေ့ဆုံ


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ နဲ့တွေ့ဆုံ။ ( ဇူလိုင် ၁၄-၂၀၁၇)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ နဲ့တွေ့ဆုံ။ ( ဇူလိုင် ၁၄-၂၀၁၇)

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ၈ ရက်ကြာ တရားဝင်ခရီး ရောက်နေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒရာမိုဒီနဲ့ ဒီကနေ့ တွေ့ဆုံပြီး နှစ်နိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်ငံ စစ်တပ်တွေကြား နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တဲ့အပေါ်မှာ ဝန်ကြီးချုပ်မိုဒီက ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ပြောကြားခဲ့သလို၊ အိန္ဒိယရဲ့ အရှေ့မျှော် ဝါဒမှာ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ နိုင်ငံတခု ဖြစ်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ သူ့အနေနဲ့ သန္နိဌာန် အခိုင်အမာ ချထားတဲ့အကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

ဝန်ကြီးချုပ် မိုဒီနဲ့ မတွေ့ဆုံခင် ဒီကနေ့မှာပဲ နယူးဒေလီမြို့တော်က သမ္မတအိမ်တော် ရှေ့မှာ အိန္ဒိယရေတပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Sunil Lanba က နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြိုဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ အိန္ဒိယစစ်သည်တွေကို ဂုဏ်ပြုထားတဲ့ India Gate အောက်မေ့ဘွယ် သူရဲကောင်းဗိမာန် မုဂ်ဦးကြီး ရှိရာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ပြီး ပန်းခွေချခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟာ Gaya ၊ Varanasi ၊ Ahmedabad နဲ့ Vishakhapatnam မြို့တွေကို သွားရောက်ခဲ့ပြီးဖြစ်သလို၊ အိန္ဒိယက စစ်ဘက်၊ အရပ်ဖက် ခေါင်းဆောင်တွေနဲ့ ဆက်တိုက် တွေ့ဆုံခဲ့ပါတယ်။

ကီလိုမီတာပေါင်း ၁၆၀၀ နယ်စပ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ထားတာ ဖြစ်သလို၊ ဆယ်စုနှစ်တွေနဲ့ချီ အိန္ဒိယကနေ ခွဲထွက်ရေး တောင်းဆိုနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်ရာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းထားနိုင်ဖို့အရေးမှာ မြန်မာနိုင်ငံက အရေးပါတဲ့နေရာမှာ ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG