သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်အိန္ဒိယခရီးစဉ်၊ ၂ နိုင်ငံလက်နက်ကိုင်အရေးနဲ့ ပိုးလမ်းမစီမံကိန်း အလေးထားဆွေးနွေးဖွယ်ရှိ


တပ်မတော်ကာကွယ်ရေး ဦးးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်Maj. Gen. K J BABU (senior general min aung hlaing)
တပ်မတော်ကာကွယ်ရေး ဦးးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်Maj. Gen. K J BABU (senior general min aung hlaing)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ၈ရက်ကြာ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေအရေး အလေးထားဆွေးနွေးနိုင်ဖွယ်ရှိသလို အိန္ဒိယနိုင်ငံဖက်ကလည်း တရုတ်နိုင်ငံရဲ့ ပိုးလမ်းမ စီမံကိန်းအပေါ် တန်ပြန် ဆောင်ရွက်တာတွေ ရှိနိုင်ကြောင်း သုံးသပ်တာတွေရှိနေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို ဒီလ ၇ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ၁၄ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ Narendra Modi ၊ ကာကွယ်ရေးဝန်ကြီး အာရွန်ဂျိုင်တလီ Arun Jaitley ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး အာဂျစ် ဒိုဗဲလ် Ajit Doval တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်မှာ အိန္ဒိယနိုင်ငံအစိုးရပိုင်း ခေါင်းဆောင်အပြင် အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ခုအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ ဆွေးနွေးဖို့ ရှိသလို အကြီးစားစက်မှုလုပ်ငန်းတွေကို လည်း သွားရောက်ဖို့ိ ရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီက မြန်မာ့အရေးလှုပ်ရှားသူ ဦးညိုထွန်းကတော့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေအရေးကိုလည်း အလေးထားဆွေးနွေးဖွယ်ရှိကြောင်း သုံးသပ်ပါတယ်။

"တဖက်က တရားဝင်မပြောတဲ့ တခြား ကိစ္စမြင်တာတော့ အိန္ဒိယ-မြန်မာနယ်နမိတ် နှစ်ခုစလုံးအပေါ်မှာ အခြေချပြီး လှုပ်ရှားနေတဲ့ အဖွဲ့တွေအရေးပါလိမ့်မယ်ထင်တယ်။ နာမည်တပ်ပြောရရင်တော့ ကသည်း၊ ကူကီး၊ နာဂဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဟာက အရေးကြီးလာတယ်လို့ ကျနော်မြင်တာက မကြာသေးခင်က UNFC အစည်းအဝေးမှာ ဒီဇိုမီးအဖွဲ့ပေ့ါနော်။ ဇိုမီးပြန်လည်ပေါင်းစည်းရေးဆိုတဲ့ ZRO ပါတယ်။ ကျန်တဲ့ ကူကီးတို့ ဝင်ခွင့်တောင်းတာတွေ ရှိလာတယ်။ ဒီကိစ္စမှာ မြန်မာစစ်တပ်အနေနဲ့ ကော မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်း အနေနဲ့ပါ ခေါင်းခဲစရာဖြစ်လာတယ်ထင်တယ်။ ခေါင်းခဲစရာဖြစ်လာတော့ အခုဒီခရီးစဉ်မှာ ကျနော့် အနေနဲ့ အဲဒီကိစ္စတွေကို ထည့်ဆွေးနွေးလိမ့်မယ် ထင်တယ်။"

ဒီလ ၃ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ ခိုအောင်းနေတဲ့ အိန္ဒိယနိုင်ငံက ကသည်းလက်နက်ကိုင်တွေကို ရှင်းလင်းအရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တာရှိနေပါတယ်။

အိန္ဒိယအစိုးရနဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အကြား အခြားအရေးတကြီးဆွေးနွေးနိုင်တဲ့အချက်ကိုလည်း ဦးညိုထွန်းက အခုလို ပြောပါတယ်။

"ကျနော်မြင်တာတော့ အခုတရုတ်က လုပ်နေတဲ့ One Belt, One Road ကိစ္စဟာ အိန္ဒိယက သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားကို ထိခိုက်တယ်လို့ ထင်တယ်။ ထိခိုက်တယ်လို့ထင်တော့ သူက ဒီထဲမှာ မပါနိုင်ဘူး ငြင်းတယ်။ တဖက်မှာလည်း ပါကစ္စတန်နဲ့ တရုတ်နဲ့ ပေါင်းပြီးတော့ Economic Corridor လို့ ဆိုတဲ့ စီးပွားရေးစင်္ကြန် လမ်းမကြီးက ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျခံပြီးဖောက်မှာ။ အဲဒါက သူရဲ့ (အိန္ဒိယရဲ့) ကက်ရှမီးယာကိစ္စကို ထိခိုက်တယ်လို့ ထင်တယ်။ အဲဒါကြောင့်လည်း One Belt, One Road မှာ မြန်မာအစိုးရက ထဲထဲဝင်ဝင် ပါမသွားအောင် အိန္ဒိယအစိုးရက ဆွဲဖို့ ကြိုးစားတာလည်း ဒီခရီးစဉ်ထဲမှာ ဖြစ်နိုင်ပါတယ်။"

အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေမှာတော့ တရုတ်နိုင်ငံက မြန်မာပြည်ကို မဟာဗျူဟာမြောက် ထိုးဖောက်လာမှုကို တန်ပြန်ဖို့အတွက် စစ်လက်နက်ထောက်ပံ့နိုင်ကြောင်း၊ ဒါဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နဲ့ ပူးပေါင်းဆောင်ရွက်မယ့် Act East ခေါ် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်နိုင်ကြောင်း ရေးသားဖော်ပြကြပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ မြန်မာအစိုးရဟာ အင်အားကြီးနှစ်နိုင်ငံအကြားမှာ သတိထားဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။

"အိန္ဒိယနဲ့ တရုတ်က သေနင်္ဂဗျူဟာ ပြိုင်ဆိုင်မှုတွေတော့ ရှိပါတယ်။ အထူးသဖြင့် ဟိုတလောက လုပ်တဲ့ ပိုးလမ်းမကြီး ဖိုရမ်ကို အိန္ဒိယက အဆင့်နိမ့် အရာရှိဘဲ တက်တယ်လေ။ သဘောကတော့ သူတို့ မကျေနပ်တာကို ဖော်ပြတာပေါ့။ အဲတော့ ကျမတို့ မြန်မာပြည်ကိုလည်း တရုတ်နဲ့ ဆက်ဆံရေးသိပ်ကောင်းလာတဲ့ အောက်မှာ NLD အစိုးရကို အထူးသဖြင့် အနောက်နိုင်ငံအစိုးရတွေကလည်း တော်တော် တိုက်ခိုက်လာတာကို တွေ့ရတယ်၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မီဒီယာနဲ့ပတ်သက်လို့ အစုံပေါ့ဗျာ။ အိန္ဒိယအနေနဲ့ကလည်း သူက အရှေ့မျှော်ပေါ်လစီအရ ဒီ ASEAN နိုင်ငံတွေကို စည်းရုံးမှာ ဖြစ်တာကို။ အဲဒီအတွက် မြန်မာပြည်ကို လှမ်းစည်းရုံးတာ။ အိန္ဒိယက အဲလို စည်းရုံးလာတဲ့ဟာကို တရုတ်နဲ့ မျက်နှာပျက်မခံဘဲနဲ့ အိန္ဒိယနဲ့လည်း ဆက်ဆံရေးကောင်းဖို့ လိုတယ်။"

လောလောဆည် ဘူတန်- အိန္ဒိယနိုင်ငံ ဆစ်ကင်းနဲ့ တရုတ်နိုင်ငံ တိဗက် သုံးနိုင်ငံနယ်စပ် ဒေသမှာ အိန္ဒိယနဲ့ တရုတ်စစ်တပ်အကြား တင်းမာမှုဖြစ်နေတာဟာလည်း သတိထားစရာအချက်အဖြစ် သုံးသပ်ပါတယ်။

ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်တဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ဗုဒ္ဓဂါယာနဲ့ ဗာရာဏသီမြို့တို့ကို ရောက်ရှိခဲ့သလို ဂူဂျရတ်ပြည်နယ် အာမက်ဒါဘတ်မြို့တွေကို သွားရောက်ခဲ့ပါတယ်။ ဒီ ကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးတွေနဲ့အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှုး၊အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှုးတို့လိုက်ပါခဲ့ပါတယ်။

XS
SM
MD
LG