သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ကာချုပ်ကို ခမ်းနားစွာ ဘာကြောင့် ကြိုသလဲ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ နိုင်ငံ အာမက်ဂါနာမြို့က Armoured Crops Center & School ကိုသွားရောက်။ (ဓာတ်ပုံ - Senior General Min Aung Hlaing FB Page)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ နိုင်ငံ အာမက်ဂါနာမြို့က Armoured Crops Center & School ကိုသွားရောက်။ (ဓာတ်ပုံ - Senior General Min Aung Hlaing FB Page)

အိန္ဒိယနိုင်ငံကို ၈ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အောင်ဟာ အိန္ဒိယထိပ်တန်း စစ်သင်တန်းကျောင်း Armoured Crops Centre & School ကို မနေ့က သွားရောက် ကြည့်ရှုခဲ့ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အစိုးရလက်ထက်မှာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ စစ်ရေးလုံခြုံရေးဆိုင်ရာ ဆက်ဆံမှု အရှိန်အဟုန်တိုးမြှင့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အရင်ကထက် ကောင်းမွန်အောင် ကြိုးစားအားထုတ်လာတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ ဘာတွေရှိနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

Ahmadnagar အာမက်နာဂါးမြို့ရှိ နာမည်ကျော် စစ်သင်တန်း ကျောင်းကို ဇူလိုင်လ ၁၁ ရက်နေ့ သွားရောက်လေ့လာ ကြည့်ရှုစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဲဒီကျောင်းမှာ တက်ရောက်သင်ကြားနေတဲ့ မြန်မာ တပ်မတော် အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အရင် အိန္ဒိယ အစိုးရ လက်ထက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိ ဝန်ကြီးချုပ် မိုဒီ အစိုးရလက်ထက်မှာ မြန်မာနဲ့ စစ်ရေးအရ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြသခဲ့သလိုမြန်မာစစ်တပ် ခေတ်မီ တိုးတက်လာစေရေး အကူအညီ အထောက်အပံ့ တွေကို ကမ်းလှမ်းခဲ့တာပါ။

မြန်မာရဲ့ အရှေ့ဘက် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အိန္ဒိယ ဆက်ဆံရေး တင်းမာလာတဲ့အတွက် မြန်မာနဲ့ အနီးကပ် ဆက်ဆံရေး တိုးတက်လာဖို့ အိန္ဒိယအစိုးရက ကြိုးစားလာတာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ၊ Haryana ပြည်နယ်၊ O.P. Jindal Global တက္ကသိုလ်၊ Jindal နိုင်ငံတကာရေးရာဌာန၊ အရှေ့တောင်အာရှ ဌာနရဲ့ ညွန်ကြားရေးမှူး လက်ထောက် ပါမောက္ခလည်းဖြစ်၊ အရှေ့တောင်အာရှနဲ့ မြန်မာ့အရေးကို အထူးပြု လေ့လာနေသူလည်း ဖြစ်တဲ့ ဒေါက်တာ Nehginpao Kipgen ကပြောပါတယ်။

“ အခုတလော ဖြစ်နေတဲ့ အိန္ဒိယ ဘူတန်နဲ့ တရုတ်ကြား နယ်စပ်မှာ ပြသနာ ဖြစ်တယ်။ အဲဒီ ပြသနာ ဖြစ်တဲ့ဟာ ကြားကာလမှာ အိန္ဒိယ နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကို ပြချင်တာက ဘာလဲ ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ အထူးသဖြင့် မြန်မာနဲ့ ပြေလည်တယ်။ အထူးသဖြင့် သူတို့မှာ မိတ်ဆွေ၊ ဒါမှမဟုတ် သူတို့မှာ အဖော် ရှိတယ်ဆိုတာကို အဲဒီ Message ကို သတင်းကို ပြချင်တာ ဖြစ်တယ်။ ”

ဒါအပြင် အိန္ဒိယ အရှေ့မြောက် မိုင်ပေါင်း ၁ ထောင်ကျော် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျောက် အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် နာဂသူပုန်တွေအရေးနဲ့ ပတ်သက်လို့ မြန်မာရဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယဘက်က လိုလားတာ တွေ့ရကြောင်း ဒေါက်တာ Nehginpao က ဆိုပါတယ်။

“ North East အိန္ဒိယမှာ ရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ တော်တော်များများက မြန်မာပြည်မှာ အခြေချတယ်။ အဲဒါကြောင့် အဲဒီ ပြသနာကို ဖြေရှင်းဖို့ ဆိုရင် မြန်မာပြည်မှာ စစ်အစိုးရနဲ့ လက်တွဲမှ အဖြေရမယ်။ အဖြေပေါ်လာမယ်။ ထွက်လာမယ်ဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။”

ဝန်ကြီးချုပ် မိုဒီအစိုးရ လက်ထက် Act East အရှေ့ အရှေ့အာရှနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမူဝါဒအရ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ မြန်မာဟာ အိန္ဒိယအတွက် တံခါးပေါက်အဖြစ် အရေးပါလာတဲ့အတွက်လည်း အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအိမ်တော်ကနေ ကော်ဇောနီခင်း ဂုဏ်ပြုကြိုဆိုတယ်လို့ မြင်ကြောင်း ဒေါက်တာNehginpao ကပြောပါတယ်။

“ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ် လောက်တုန်းက အိန္ဒိယအနေနဲ့ သူတို့ပေါ်လစီ တခုထူထောင်တာ ချထားတာ look east policy လို့ခေါ်တယ်။ ဒါနဲ့ အဲဒီ look east policy ကို လွန်ခဲ့တဲ့ ၂၀၁၄ တုန်းက အိန္ဒိယရဲ့ဝန်ကြီးချုပ်ပေါ့ Prime Minister Narin Dara Modi မြန်မာပြည်ကို သွားတုန်းက အဲဒီ look east policy ကနေ act east policy ဆိုပြီးတော့မှ သူတို့ ပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့ဟာ သူတို့ရဲ့ ဘာလုပ်ချင်သလဲ ဆိုတာက အိန္ဒိယ အနေနဲ့ အရှေ့တောင်အာရှမှာ ရှိတဲ့ နိုင်ငံတွေနဲ့ ထိထိရောက်ရောက် ဒါမှမဟုတ် နီးနီးကပ်ကပ် သူတို့ ဆက်ဆံချင်တယ်။ အဲဒါကို လုပ်ချင်တော့ မြန်မာပြည်နဲ့ ပိုအဆင်ပြေဖို့ အဆင်ပြေလာအောင် ဆိုပြီးတော့ သူတို့အတွက် အရေးကြီးတယ် ဆိုတာကို သူတို့ သိတော့ အဲဒါကိုကောင်းလာအောင် ဒီ အိန္ဒိယ အစိုးရအနေနဲ့ အခု လာနေတဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဒီလောက်ထိ ကြီးကြီးမားမား ကြီးကြီးကျယ်ကျယ် သူတို့ ဧည့်ခံတာ ကြိုဆိုတာဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်ချင်တယ်။ ”

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဒီနေရာမှ တချက်ထောက်ပြကြတာက မြန်မာအနေနဲ့ သတိထားရမှာကကြတော့ သူက တကယ့်ဒီ အိန္ဒိယနဲ့ တရုတ်ကြားမှာရှိနေတယ်။ တရုတ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရုတ်ကို သွားခဲ့ပြီးတော့ တရုတ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံတယ် ဆိုတဲ့ဟာမျိုး ဝေဖန်ထောက်ပြတဲ့ အချိန်မှာ အခု အိန္ဒိယ ဘက်ကလည်း မြန်မာနဲ့ ဆက်ဆံရေး ကောင်းအောင် ပိုပြီး လုပ်လာတဲ့အခါကြတော့ မြန်မာရဲ့ ရပ်တည်ချက်အနေအထားကော နိုင်ငံ ၂ ခုအကြားမှာ ဘယ်လိုတွေ့ရလဲရှင့်။

ဒေါက်တာ Nehginpao Kipgen ။ ။ မြန်မာအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ခနခန ပြောလိုက်တယ်နော်။ သူတို့က ဘာပြောလည်း ဆိုလို့ရှိရင် အိမ်နီးနားချင်းတိုင်းနဲ့ သူတို့က ဆက်ဆံရေး ဒီထက်သာ၍ ကောင်းစေချင်တယ်။ တရုတ်သာမကဘူး အိန္ဒိယ မကဘူး တခြားအိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး သူတို့ ဒီထက်ကောင်းအောင် သူတို့ ဆက်လုပ်ချင်တယ်။ အခု ဒီမိုကရေစီ စဖြစ်တာလည်း မကြာသေးတော့ ဒီ Infrastructure အများကြီးလိုတယ်။ စီးပွားရေးအရ သူတို့ရဲ့ အကူအညီ အများကြီး လိုလာသေးတယ် ဆိုတော့ မြန်မာပြည်အနေနဲ့ အိမ်နီးနားချင်း နိုင်ငံ အဓိက တရုတ်နဲ့ အိန္ဒိယနဲ့ ဒီထက်ပိုကောင်းလာအောင် သူတို့ကြိုးစားတာ ဖြစ်တယ်လို့ အဲဒီလိုပဲမြင်တယ်။

ဇူလိုင်လ (၁၄ ) ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi၊ ကာကွယ်ရေး ဝန်ကြီး Arun Jaitley အပါအဝင် အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၈ ရက်ကြာ အိန္ဒိယခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် တာတာ (Tata) မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်တဲ့ ထရပ်ကားနဲ့ ကမ္ဘာမှာ ဈေးအသက်သာဆုံး Nano (နာနို) ကားလေးတွေကို သွားရောက်ကြည့်ရှုမယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG