သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


အိန္ဒိယ ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
အိန္ဒိယ ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

မြန်မာပြည်တွင်းမှာ အကြမ်းဖက်ဝါဒ လုံးဝ အမြစ်မတွယ်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး အကြမ်းဖက် တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အိန္ဒိယအနေနဲ့ မြန်မာအတူ အခိုင်အမာ ရပ်တည်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ပြု လုပ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ် ရှရီ နာရန် ဒရာ မိုဒီနဲ့ ပူးတွဲ သတင်းရှင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကတော့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ ပြောဆိုသွားတာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သ တင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည်ကို ၃ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးလာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံ ဆက်ဆံ ရေးက အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုအပေါ် တည်ဆောက်ထားသလို မြန်မာနိုင်ငံတွင်း အကြမ်း ဖက် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရချိန်မှာ အိန္ဒိယအနေနဲ့ မြန်မာဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ပြောဆိုသွားပါတယ်။

“ကျွန်မတို့ တိုင်းပြည်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အိန္ဒိယအနေနဲ့ မြန်မာနဲ့အတူ အခိုင်အမာ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင် ကြောင်း၊ မြန်မာပြည်တွင်းမှာရော၊ အခြား တိုင်းပြည်တွေမှာပါ အကြမ်းဖက်ဝါဒ လုံးဝ အမြစ်မတွယ်နိုင် အောင် အတူတကွ ပူးတွဲ လုပ်ဆောင်သွားမယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အိန္ဒိယ ဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်း ဖက် တိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီး နားလည်မှုရှိသလို အလွန်အမင်းစိုးရိမ်တဲ့ အ ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“မြန်မာပြည်အနေနဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေနေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ပတ်သက်လို့ ကျွန် တော်တို့ အပြည့်အဝ နားလည်ပါတယ်။ အခု ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်း ဖက်မှုတွေနဲ့ပတ်သက်လို့ အိန္ဒိယအနေနဲ့ စိုးရိမ်မိပါတယ်။ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အ ကြမ်းဖက်တိုက်ခိုက်တာတွေ၊ အပြစ်မဲ့တဲ့ အရပ်သားတွေအပေါ် ထိခိုက်စေတာ၊ သတ်ဖြတ်ခံရတာအပေါ် မှာလည်း ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါတယ်”

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာနဲ့ အိန္ဒိယအစိုးရကြား ကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေးစတဲ့ ကိစ္စတွေနဲ့ ဆက်စပ်တဲ့ နှစ်နိုင်ငံ သဘောတူ ညီမှု စာချုပ် ၁၁ခု ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို လာရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေကို ဗီဇာကင်း လွတ်ခွင့်ပေးလိုက်ပြီ ဖြစ်သလို အိန္ဒိယ အကျဉ်းထောင်တွေထဲမှာ ကျရောက်နေတဲ့ မြန်မာနိုင်ငံသား အ ယောက် ၄၀ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့ မြန်မာပြည် ပထမဆုံး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် စီးပွားရေး လုပ်ငန်းရှင်တွေ၊ အိန္ဒိယနွယ်ဖွား တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ တရုတ်နိုင်ငံ တောင်ပိုင်း Xiamen မြို့မှာ ကျင်းပတဲ့ BRICS လို့ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်တဲ့ စီးပွားရေး အင်အားကောင်းစ နိုင်ငံများ ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ပြီး မြန်မာနိုင်ငံကို ခရီးဆက်လာတာ ဖြစ်ပါတယ်။

အိန္ဒိိယဝန်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ မွန်းလွဲပိုင်းကတော့ ရှေးဟောင်းပုဂံနယ်မြေကို သွားရောက်လေ့လာခဲ့သလို၊ အဲဒီနောက် ရန်ကုန်မြို့မှာ အိန္ဒိယ -မြန်မာကုန်သည်ကြီးများအသင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ညပိုင်းမှာတော့ ရန်ကုန် သုဝဏ အားကစားရုံမှာ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံ မိန့်ခွန်းပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG