သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် မိုဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမည်


နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို စက်တင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ ၃ ရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီးချုပ် မိုဒီဟာ သုဝဏ္ဏ အားကစားကွင်း အတွင်း အိန္ဒိယနွယ်ဖွား၊ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဝန်ကြီးချုပ် Narendra Modi ကို သမ္မတ ဦးထင်ကျော် သမ္မတ အိမ်တော်မှာ မနေ့ ညနေပိုင်းက ဂုဏ်ပြု အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး ခေါင်းဆောင် ၂ ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ညပိုင်းမှာတော့ ဝန်ကြီးချုပ် မိုဒီဦးဆောင်တဲ့ အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ကို သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့က ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံတာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ၂ ဦးဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဟန်နရီ ဗန်ထီးယူတို့ ဇနီးမောင်နှံတွေအပြင်၊ အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကူအညီပေးနိုင် မယ်ဆိုတာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက စက်တင်ဘာလ ၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအတွင်း ရောက်နေတဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြင်းပြင်းထန်ထန် ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောဆိုထားတဲ့ ဝန်ကြီးချုပ် မိုဒီက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံကို မရောက်ခင်မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ တရုတ်နိုင်ငံ တောင်ပိုင်း Xiamen မြို့မှာ ကျင်းပတဲ့ BRICS လို့ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်တဲ့ စီးပွားရေး အင်အားကောင်းစ နိုင်ငံများ ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ပြီး မြန်မာနိုင်ငံကို ခရီးဆက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ကုန်သွယ်ရေး တိုးမြင့် ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် ဒေါ်လာ သန်း ၄၈၀ အကုန်အကျခံပြီး ကုလားတန်မြစ် စီမံကိန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ တည်ဆောက်ခဲ့တာမှာ အခု သင်္ဘောတွေ စတင် ပြေးဆွဲနိုင်နေပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံအတွင်း အိန္ဒိယရဲ့ ရင်းနှီးမြုပ်နံှမှုဟာ အမေရိကန် ဒေါ်လာ သန်း ၇၄၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG