သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို လက်နက်တင်ပို့မှုပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို AI တိုက်တွန်း


လုံခြုံရေးကောင်စီ
လုံခြုံရေးကောင်စီ

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဆိုပြီး ဒါတွေကို ရပ်တန့်ဖို့ ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ပင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တိုက်တွန်းနေပါတယ်။ ဒီကနေ့ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေး ရှင်းလင်းပြောကြားဖို့ ရှိနေချိန်မှာပဲ ခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ ARSA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေက လုံခြုံရေး ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ် ဘက်က နယ်မြေရှင်းလင်းမှုတွေ အတွင်းမှာ ရိုဟင်ဂျာ မူစလင်တွေ သတ်ဖြတ်ခံခဲ့ရပြီး သိန်းနဲ့ချီ အိုးအိမ် စွန့်ခွာ ထွက်ပြေး နေကြရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က ပြောပါတယ်။ ဒီလို မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံကို လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်တာ အပါအဝင် ဖိအားတွေ တိုးမြှင့်ပေးသွားဖို့ တိုက်တွန်းတဲ့အကြောင်း Amnesty International အဖွဲ့က မြန်မာ့အရေးသုတေသီ Laura Haigh က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ လုံခြုံရေးစခန်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေက ဝင်တိုက်ခဲ့တာနဲ့ မြန်မာစစ်တပ်က တလကြာ နယ်မြေရှင်းလင်းမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အဖြစ်အပျက်တွေက ရပ်တန့်မသွားပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့ကကိုပဲ ရိုဟင်ဂျာ ကျေးရွာတွေ ထပ်ပြီး မီးရှို့ခံရတယ်ဆိုတာကို ကျမတို့ အတည်ပြု ပြောနိုင်တာတွေ ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အခုအချိန်မှာ မြန်မာစစ်တပ်ကို ပိုပြီး ဖိအား တိုးမြင့်ပေးရမယ့်အချိန်လို့ ကျမတို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးက အဓိက စစ်တပ်ကြောင့်ပါပဲ။ ဒါကြောင့် လက်နက် တင်ပို့ ရောင်းချမှုတွေ ပိတ်ပင်တာက စစ်တပ်ကို ဖိအားပေးနည်း တမျိုးပါပဲ။ လုံခြုံရေးကောင်စီ အနေနဲ့ ဒီလို ဖိအားပေး မလုပ်နိုင်ဘူးဆိုရင်လည်း ကောင်စီ အဖွဲ့ဝင် တနိုင်ငံချင်း အနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ပစ်လိုက်တာမျိုး ဖြစ်စေချင်ပါတယ်။”

မြန်မာအစိုးရဘက်က နယ်မြေရှင်းလင်းမှုတွေ မရှိတော့ဘူးလို့ ပြောပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာကိုပဲ ရိုဟင်ဂျာ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတဲ့ အထောက်အထားတွေ သူတို့မှာ ရှိတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် စနစ်တကျ နှိမ်နင်းမှုတွေ လုပ်နေသလို၊ အစိုးရလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ် ကန့်သတ်မှုတွေ ပိုပြီး တင်းကျပ်လာခဲ့တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာအပေါ် အရင်ကထက် ပိုပြီး ဖိအားတွေ တိုးပေးရမယ့် အချိန်ဖြစ်ပြီး ဒီကနေ့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာအပေါ် တညီတညွတ်တည်း ဖိအားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ Laura Haigh ကပြောပါတယ်။

“ဒီကနေ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတခု ထွက်ပေါ်လာအောင် တွန်းအားပေးဖို့ လုံခြုံရေးကောင်စီနဲ့ရော၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ပါ ကျမတို့ ဆက်သွယ် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အားလုံးက တညီတညွတ်တဲ့ ရှုတ်ချတာမျိုး၊ နောက်… အကူအညီ အမှန်တကယ် လိုအပ်နေသူတွေ အကူအညီမရဘဲ ဖြစ်နေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့် တောင်းဆိုတာနဲ့ လက်နက် တင်ပို့ ရောင်းချမှုတွေ ပိတ်ပင် သွားဖို့ ကျမတို့ တိုက်တွန်းနေပါတယ်။”

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ပြစ်တင်စွတ်စွဲချက်တွေဟာ အချက်အလက်မှားတွေ အပေါ် အခြေခံပြီး ပြောဆိုနေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကိုလည်း အခု လဆန်းပိုင်းကတည်းက ရပ်တန့်ထားတယ်လို့ ဆိုပြီး၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာ ကူညီမှုတွေကို ကြက်ခြေနီလှုပ်ရှားမှုအနေနဲ့ ICRC နဲ့ တွဲပြီး ဆောင်ရွက်လျက်ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့လို့ အခုအချိန်မှာ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေအနေနဲ့ အဲဒီဒေသထဲကို သီးခြား လွတ်လပ်စွာ ဝင်ရောက် အကူအညီပေးတာမျိုး မလုပ်နိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG