သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ မြန်မာ နှစ်နိုင်ငံနဲ့ ဒေသတွင်း စိုးရိမ်မကင်းဖြစ်မှုတွေ ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံစဉ် (သြဂုတ်လ ၆ ရက် ၂၀၁၇ ခုနှစ်)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံစဉ် (သြဂုတ်လ ၆ ရက် ၂၀၁၇ ခုနှစ်)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်နဲ့ တွေ့ဆုံရာမှာ မြောက်ကိုရီးယား အရေး အပါအဝင် ဒေသတွင်းနဲ့ နှစ်နိုင်ငံကြား စိုးရိမ်မကင်း ဖြစ်မှုတွေ အပေါ် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ဗွီအိုအေကို ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံကို သံတမန်ရေးနဲ့ ဘဏ္ဍာရေး အရပါ ပိတ်ဆို့အရေးယူဖို့ အမေရိကန်ရဲ့ဦးဆောင ်ကြိုးပမ်းမှုမှာ မြန်မာ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေအားလုံး တညီတညာတည်း ထောက်ခံဖို့ ဝန်ကြီး Tillerson ဟာ သူရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေးညှိုနှိုင်း နေတာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ သြဂုတ်လ (၆) ရက်နေ့က မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်တင်နဲ့ သီးသန့် တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ သူတို့နှစ်ဦး အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ ကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ဗျူရို ပြောခွင့်ရ အမျိုးသမီး Grace Choi က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံ အရေးနဲ့ မြောက်ကိုရီးယား အပါအဝင် ဒေသန္တရ စိုးရိမ်မကင်းဖြစ်မှု ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ မြောက်ကိုရီးယား ဘက်က တရားမဝင်တဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းဒုံး အစီအစဉ်တွေ ဆက်လက်လုပ်ဆောင်နေတဲ့ အပေါ် နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ ဆန့်ကျင်မှုက သွေးစည်းခိုင်မာတဲ့ အကြောင်းကို ပြသလိုတဲ့ အတွက် မြောက်ကိုရီးယား အပေါ် သံတမန်ရေးနဲ့ စီးပွားရေး အရ ဝိုင်းကျဉ်ထားမှု ပိုတိုးလာစေဖို့ ကမ္ဘာတဝှမ်းရှိ နိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ "

အမေရိကန်ဘက်က အဓိက စိုးရိမ်ချက်ထဲမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေနဲ့ မြန်မာနိုင်ငံ ငြိစွန်းမှု ရှိနိုင်မလားဆိုတဲ့ အချက်ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steingberg ကသုံးသပ်ပါတယ်။

“ အမေရိကန်က ဘယ်လို ဖြစ်စေချင်သလဲ ဆိုတာ မြန်မာဘက်က ကောင်းကောင်း သိပါတယ်။ ဒီအတွက် မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမယ့် အခု မေးခွန်းထုတ်စရာ ဖြစ်လာတာက သံတမန်ရေး အရ အထီးကျန်စေဖို့ ဆိုတဲ့ အချက်ပါ။ အရေးယူ ဒဏ်ခတ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြောက်ကိုရီးယားကို သံတမန်ရေး အရ အထီးကျန်အောင် လုပ်ဖို့ ပြောလာတဲ့ အပိုင်းမှာ အမေရိကန် အနေနဲ့ သံတမန်ရေးထက် ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုမျိုး လိုလားတယ်လို့ ကျနော် နားလည်မိပါတယ်။

စစ်ရေးအရ အရေးယူမှု လိုမျိုး တကယ့် ပြင်းထန်တဲ့ တုန့်ပြန် အရေးယူမှုတွေ မလုပ်ဆောင်ခင်မှာ တဖက်နဲ့ တဖက် အပြန်အလှန် စကားပြောဖို့ လိုအပ်ပါတယ်။ စစ်ရေးအရ တုန့်ပြန်မှု မလုပ်ခင်မှာ သံတမန်ရေးအရ ဖြစ်နိုင်တဲ့ နည်းလမ်းမျိုးစုံ အကုန်လုံးကို အသုံးချဖို့ လိုပါတယ်။"

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လကပဲ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အထူးသံအမတ်ကြီး Joseph Yun ဟာ မြန်မာနိုင်ငံကို သီးသန့် လာရောက်ခဲ့တာကို ကြည့်ရင် မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးကို အမေရိကန်က စိုးရိမ်မကင်း ဖြစ်နေကြောင်း တွေ့မြင်ရတယ်လို့ သူက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်နောက်မှာ ထိုင်းနဲ့ မလေးရှားနိုင်ငံကိုလည်း သွားရောက်ပြီး မြောက်ကိုရီးယားနဲ့ သံတမန်ရေး ဆက်ဆံရေး အရပါ ဖိအားပေးဖို့ တိုက်တွန်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်က တိုက်တွန်းသလို အာဆီယံအနေနဲ့ မြောက်ကိုရီးယားကို သံတမန်ရေးအရ ဖိအားပေးတာမျိုး လုပ်နိုင်သလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့

“ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂရဲ့ဒဏ်ခတ် အရေးယူမှုကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံထားပါတယ်။ ဒါပေမယ့် အာဆီယံ သက်သက်အနေနဲ့ မြောက်ကိုရီးယား အပေါ် တုန့်ပြန်တာမျိုး ဆိုရင်တော့ မြောက်ကိုးရီးယားနဲ့ အာဆီယံ သံတမန်ရေး ဆက်ဆံမှု ရှိနေတာပါ။ ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး အစည်းအဝေးကိုအမေရိကန်လိုပဲ မြောက်ကိုရီးယားနိုင်ငံက ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။"

မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးမှာ အမေရိကန်ဘက်က အဓိက ဘာကို စိုးရိမ်မကင်းဖြစ်နေသလဲဆိုတာ အတိအကျမသိရပေမယ့် အရင် စစ်အစိုးရလက်ထက် မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့တဲ့ ကိစ္စပါဝင်နေတယ်လို့ နိုင်ငံတကာ အကဲခပ်တွေက သုံးသပ်ပါတယ်။

ဒီနှစ်အစောပိုင်းထိ အမေရိကန်က ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းပေါင်း ၃၀ ရဲ့ နာမည်စာရင်းမှာ DDI လို့ခေါ်တဲ့ မြန်မာအစိုးရ မစ်ဇိုင်း သုသေသနနဲ့ ဖွံ့ဖြိုးရေးဌာနနဲ့ ကာကွယ်ရေး ဌာန ပစ္စည်းထုတ်လုပ်ရေးရုံး ပါဝင်နေဆဲဖြစ်ပါတယ်။ ဒါအပြင် မြောက်ကိုရီးယားနဲ့ မြန်မာကြား လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး DDI ရဲ့ အရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ၂၀၁၃ခုနှစ်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူမှုစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG