သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ လက်ကျန်ဆက်ဆံရေးဖြတ်ဖို့ မြန်မာကို ကန်ဖိအားပေး


Joseph Yun မြန်မာပြည်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် (July 2017)
Joseph Yun မြန်မာပြည်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် (July 2017)

အရင် စစ်အစိုးရလက်ထက် မြန်မာနဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံ စစ်ရေးအရ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ နောက်ဆက်တွဲ လက်ကျန်ဆက်စပ်မှုတွေကို လက်ရှိ NLD အစိုးရအနေနဲ့ လုံးဝဖြတ်တောက်ပစ်ဖို့ အမေရိကန်ဘက်က လိုလားကြောင်း အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိတဦးက ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။

လက်ရှိအချိန်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု လုံးဝမရှိကြောင်း မြန်မာဘက်က ပြတ်ပြတ်သားသားငြင်းဆိုထားပေမယ့် အရင်က စစ်လက်နက်ပစ္စည်းပိုင်းဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်တွေရဲ့ အကျိုးဆက်တွေ အခုချိန်ထိ ရှိနေတယ်လို့ အမေရိကန် ဘက်က ယုံကြည်ထားတာဖြစ်နိုင်ကြောင်း သုံးသပ်သူတွေရှိပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ပြီးခဲ့တဲ့ သတင်းပတ်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီး Joseph Yun ရဲ့ခရီးစဉ်ဟာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား အရင်ကရှိခဲ့တဲ့ စစ်ရေး ဆက်ဆံရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှုကို ထုတ်ဖေါ်ပြသလိုက်တာ ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရ အရာရှိတဦးက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံထဲ စီးဝင်နေတဲ့ ဘဏ္ဍာငွေတွေထဲမှာ မြန်မာနိုင်ငံကလည်း ပါလာမယ့် အနေအထားကို အမေရိကန်ဘက်က အဓိက စိုးရိမ်မကင်းဖြစ်နေတာ တွေ့ရကြောင်း Joseph Yun နဲ့ တွေ့ဆုံခဲ့သူတွေထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

" မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ ဆက်ဆံရေး ဆက်ပြီးတော့ ရှိနေမယ့်အနေအထားကို သူတို့ စိုးရိမ်နေတဲ့ သဘောကို ပြောတာပေါ့လေ။ ပြီးတော့ အထူးသဖြင့် မြန်မာနိုင်ငံကို ဘယ်နိုင်ငံတွေနဲ့ မဆက်ဆံနဲ့ ဆိုတာမျိုး သူတို့မှာ ပြောပိုင်ခွင့် မရှိဘူး။ သို့သော်လည်း UN က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ မြောက်ကိုရီးယားကို စီးဝင်တဲ့ငွေတွေထဲမှာ မြန်မာနိုင်ငံက ငွေတွေပါ ပါလာမယ့် အနေအထားကိုလည်း သူတို့စိုးရိမ်နေတယ် အဲဒီ အချက်ကို သူတို့အဓိကထား ပြောပါတယ်။"

အရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရလက်ထက်မှာ ဒုံးကျည်လက်နက် ဆိုင်ရာ နည်းပညာတွေအပါအဝင် အခြားစစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ မြောက် ကိုရီးယားနဲ့ အပြန်အလှန်အနီးကပ်ဆက်ဆံမှုတွေရှိခဲ့တာပါ။ ဒါကြောင့်လည်း ကျန်ရှိနေတဲ့ ချိတ်ဆက်မှုတွေကို လုံးဝဖြတ်တောက်ဖို့ အမေရိကန် အစိုးရက မြန်မာကို ဖိအားပေးနေ တာဖြစ်ပါတယ်။

Mr. Yun ဟာ ဇူလိုင်လ (၁၇)ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ သူသိခဲ့ရတာတွေကိုလည်း ကိုရဲမျိုးဟိန်းက ပြောပြပါတယ်။

" ကျနော်တို့ အမြင်ကတော့ ဒီတွေ့ဆုံမှုမှာတော့ ထူးထူးခြားခြားပေါ့ .. ဒါနဲ့ပတ်သက်ပြီး အတည်ပြုတာ၊ ငြင်းတာ ထူးထူးခြားခြား တုန့်ပြန်တာ မရှိဘူးလို့ကျနော်တို့ သိရပါတယ်။ လက်ရှိ အနေထားကတော့ အမေရိကန် ဘက်ကပဲ ဒီဟာနဲ့ပတ်သက်လို့ သူတို့ စိုးရိမ်မှု ရှိတယ်ဆိုတယ် ဆိုတဲ့အကြောင်းကို အဓိကထားပြီး ပြောတယ်လို့ ကျနော်တို့ သိရပါတယ် ။ သိရတော့ အထူးသဖြင့် အမေရိကန် ဘက်ကပြောတဲ့ အချက်ကလည်း ဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ ဆိုတဲ့အချက်ကို အဓိကပြောတာကို ကျနော်တို့ သိရပါတယ်။"

Mr. Yun ဟာ သူ့ရဲ့ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပေမယ့် ဘာတွေ အဓိကဆွေးနွေးခဲ့သလဲဆိုတာကို အသေးစိတ် ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ်အထိတောင် ရောက်နိုင်တယ်လို့ ယူဆရတဲ့ နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်ကို ဇူလိုင်လ (၄)ရက်နေ့က မြောက် ကိုရီးယားကနေ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အခုလို Mr. Yun ရဲ့ မြန်မာအပါအဝင် အာရှဒေသ ခရီးစဉ်ထွက်ပေါ် လာတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးဟာ သံတမန်ရေးအရပဲဖြစ်ပြီး စစ်ရေးအရ ဆက်ဆံမှုမျိုးလုံးဝမရှိကြောင်း မြန်မာနိုင်ငံခြားရေး အတွင်းဝန် ဦးကျော်ဇေယျက သတင်းထောက်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ လိုက်နာဆောင်ရွက် နေတယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကလည်း ပြောဆိုခဲ့ပါတယ်။ ဒါအပြင် မြောက်ကိုရီးယားမှာ မြန်မာသံရုံး ဖွင့်လှစ်ထားခြင်း မရှိသလို ကုန်သွယ်ရေးအရလည်း ဆက်သွယ်မှု မရှိသလောက်ပဲလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG