သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံအမတ်ကြီး Joseph Yun ဒေါ်စု၊ ကာချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံ


ကန်သံအမတ်ကြီး Joseph Yun ဒေါ်စု တွေ့ဆုံ
ကန်သံအမတ်ကြီး Joseph Yun ဒေါ်စု တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Y. Yun ဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ကိုရီးယား ကျွန်းဆွယ် နျူကလီယားကင်းမဲ့ဇုံဖြစ်ရေးကိစ္စရပ်အပါအဝင် ဒေသတွင်း လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာပါ။ မြောက်ကိုရီးယား မူဝါဒ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် တာဝန်ယူထားသူလည်း ဖြစ်တဲ့ မစ္စတာ ဂျိုးဇက်ယွန်း ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ သံအမတ်ကြီး Joseph Y. Yun ဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။ ဆွေးနွေးမှု အသေးစိတ် သိရဖို့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရက အသေးစိတ် မပြောနိုင်တဲ့အကြောင်း တုံ့ပြန်ထား ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း သံအမတ်ကြီး ယွန်း သီးခြား တွေ့ဆုံပါတယ်။ ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ကြွယ်၀ ချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင်တင်ရေးကိစ္စတွေကို အမေရိကန်သံအမတ်ကြီးက ဆွေးနွေးခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာအနေနဲ့ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုံ ဖြစ်စေလိုတဲ့အကြောင်း နဲ့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ facebook စာမျက်နှာကနေတဆင့် ထုတ်ပြန်ထားပါတယ်။

မြန်မာ့ တပ်မတော်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက တပ်မတော်အားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုရဖို့ ကြိုးပမ်းနေပြီး ရန်သူနိုင်ငံ ဆိုတာမရှိဘဲ မိတ်ဆွေနိုင်ငံသာ ရှိတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာ့တပ်မတော်အနေနဲ့ အရင် စစ်အစိုးရ လက်ထက်မှာတုန်းက မြောက်ကိုရီးယားကနေ ဒုံးလက်နက် နည်းပညာရယူဖို့ ကြိုးပမ်း ခဲ့ဖူးတာတွေ ရှိသလို၊ စစ်ရေးအရ ဆက်ဆံမှုတွေ နီးနီးကပ်ကပ် ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ အမေရိကန်အစိုးရဘက်က မြန်မာအစိုးရကို အကြိမ်ကြိမ် သတိပေးခဲ့တာပါ။ အခု အရပ်သား အစိုးရလက်ထက်မှာတော့ မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေး ဆက်ဆံမှုတွေ မရှိတော့ဘူးလို့ ယူဆတဲ့အကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က ကိုရဲမျိုးဟိန်းက ပြောပါတယ်။

“လက်ရှိကတော့ ကျနော်တို့ ၂၀၁၀ နောက်ပိုင်းကစပြီးတော့လေ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးတက်တက်ကြွကြွ ဆက်ဆံရေးကတော့ သွားနေတဲ့အနေအထားကတော့ မရှိတော့ဘူးလို့ကျနော်သုံးသပ်မိပါတယ်။ အထူးသဖြင့် NLD အစိုးရတက်လာပြီးတဲ့ နောက်ပိုင်းမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးက လုံးဝကို မရှိသလောက်ကို တွေ့ရပါတယ်။

မေး။ ။စစ်ဖက်ဆိုင်ရာဆက်ဆံရေးတချို့ ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမေရိကန် ကနေပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းစက်မှုလုပ်ငန်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး၊ အရာရှိချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဦး၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံတယ်ဆိုတဲ့ ယူဆချက်နဲ့အမေရိကန် Sanction ပိတ်လိုက်တာကို ကျနော်တို့ တွေ့ရပါတယ်။ ပြီးတော့ ပြည်တွင်းကုမ္ပဏီတခုကိုလည်း မြောက်ကိုရီးယားနဲ့ ဆက်ဆံတယ်ဆိုတဲ့ သံဿယနဲ့အမေရိကန် Sanction ပိတ်လိုက်တာကို လည်း ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့်လည်းနောက်ပိုင်းမှာ အမေရိကန်က မြန်မာနိုင်ငံကို Sanction ပယ်ဖျက်ပေးလိုက်တဲ့အခါမှာ အဲဒီလူတွေကိုလည်း တခါတည်း ပယ်ဖျက်ပေးလိုက်တယ် ဆိုတာကိုလည်း ကျနော်တို့ တွေ့ရှိရပါတယ်။ ဆိုတော့ သံဿယတွေအရင်တုန်းကတော့ ရှိနေပေမယ့်လည်း လက်ရှိအခြေအနေ အနေအထားအရဆိုရင်တော့ ကျနော်တို့လေ့လာမိသလောက်ဆိုရင်တော့ ကျနော်တို့ ဆက်ဆံရေးမရှိဘူးဆိုတဲ့အနေအထားမျိုး ကျနော်တို့ တွေ့ရပါတယ်။"

သံအမတ်ကြီး ဂျိုးဇက်ယွန်း ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က စင်ကာပူနိုင်ငံမှာကျင်းပတဲ့ မြောက်ကိုရီးယားအရေး နဲ့ ဒေသတွင်းလုံခြုံရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားက ဒီလအစောပိုင်းမှာ အမေရိကန် ပြည်ထောင်စု အလက်စကား ပြည်နယ်အထိ အရောက်ပစ်နိုင်လိမ့်မယ်လို့ ယူဆရတဲ့ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ် ခဲ့ပြီးတဲ့နောက် သံအမတ်ကြီး ယွန်း အာရှဒေသကို ရောက်လာခဲ့တာဖြစ်သလို၊ တချိန်က မြောက်ကိုရီးယားအစိုးရနဲ့ အနီးကပ် ဆက်ဆံရေး ရှိခဲ့ဖူးတဲ့ မြန်မာနိုင်ငံ တခုတည်းကိုပဲ သီးခြား ဝင်ရောက်တာ ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူခဲ့ဖူးတဲ့ Joseph Yum ဟာ မြန်မာနိုင်ငံကို အရင်ကလည်း အကြိမ်အတော်များများ သွားရောက်ခဲ့ဖူးပြီး မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တွန်းတွန်းတိုက်တိုက် အားပေး လုပ်ဆောင်ခဲ့တဲ့ အမေရိကန်အရာရှိတဦး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG