သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုးရီးယားအရေး ကုလအရေးပေါ် တံခါးပိတ်ဆွေးနွေးဖို့ ကန်အဆိုပြု


မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် Hwasong-14 လို့ဆိုတဲ့ ဒုံးကျည် ပစ်လွှတ်ပြီးပုံ။

မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အပေါ် ဗုဒ္ဓဟူးနေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ် တံခါးပိတ် အစည်းအဝေးတခု ကျင်းပနိုင်ခြေ ရှိပါတယ်။ ဒီအစည်းအဝေး ကျင်းပဖို့ အမေရိကန်က တင်ပြထားတာပါ။

မြောက်ကိုရီးယားက အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု၊ အလာစကားပြည်နယ်ထိ ရောက်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ဖြစ်မယ်လို့ အမေရိကန် စစ်ဘက် လေ့လာဆန်းစစ်သူတွေက သံသယရှိနေပါတယ်။

မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု တခုပြီးတခု ချထားပေမယ့်လည်း နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး မြောက်ကိုရီးယားရဲ့ ရည်မှန်းချက်ကို စွန့်လွှတ်လာအောင် ဆွဲဆောင်စည်းရုံးဖို့ ဘာမှလုပ်နိုင်တဲ့ ပုံတော့ မရှိပါဘူး။

အခုနောက်ဆုံး မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်တဲ့ အပေါ် မြောက်ကိုရီးယားရဲ့အဓိက မဟာမိတ်နိုင်ငံလည်းဖြစ်၊ လုံခြုံ ရေးကောင်စီရဲ့လက်ရှိ အလှည့်ကျ ဥက္ကဌလည်း ဖြစ်တဲ့ တရုတ်နိုင်ငံကိုလည်း ကသိကအောက် ဖြစ်စေခဲ့ပါတယ်။ တရုတ်အနေနဲ့ မြောက် ကိုရီးယားကို ထိန်းထားနိုင်ဖို့ကြိုးစားတဲ့ နေရာမှာ တိုးတက်မှု လုံးဝမရှိသလောက် ဖြစ်နေတဲ့ပုံ ရပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားရဲ့ဒုံးကျည်နဲ့နျူကလီးယား အစီအစဉ်တွေရော၊ အမေရိကန်နဲ့ တောင်ကိုရီးယား အကြား ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တွေကိုရော ရပ်ထားဖို့ လိုတယ်ဆိုတာ ရုရှားနဲ့ တရုတ်တို့အကြား သဘောထား တူညီကြပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးကျည် ခြိမ်းခြောက်မှု အန္တရာယ် ကြီးထွားလာနေတာကို ရင်ဆိုင်ရေး သူတို့ရဲ့ အစီအစဉ်ကို တွန်းအားပေး လုပ်ဆောင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ညှိနှိုင်း သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကြေညာပါတယ်။ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု တခု လုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ကြေညာအပြီး နာရီပိုင်းအတွင်းမှာပဲ သမ္မတ ပူတင်က အဲဒီလို ကြေညာတာပါ။

XS
SM
MD
LG