သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်အချို့ မှတ်ပုံတင်ဖို့ ငြင်းဆန်


ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်
ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို - ဒုက္ခသည်အဖြစ်နဲ့ သူတို့ကိုမှတ်ပုံတင်ထားတဲ့ကဒ်ပြားမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုဖော်ပြဖို့ တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ပေးနေချိန်မှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုထည့်သွင်းဖော်ပြခြင်းမရှိတဲ့အတွက် ဒုက္ခသည်တချို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက ရဲ့ ဆောင်းပါးကိုအခြေခံပြီး ကိုရန်နိုင်က ပြောပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာမွတ်စလင်တွေကို ဆက်ပြီးမှတ်ပုံတင်ပေးနေတဲ့တချိန်တည်းမှာပဲ၊ ဒုက္ခသည်အတော်များများက သူတို့ရဲ့ မှတ်ပုံတင်တွေကတ်ပြားတွေကို လက်မခံဘဲငြင်းဆန်နေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၀ ယောက်လောက် သူတို့ကို မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ မဖော်ပြတဲ့အတွက်ဆိုပြီး၊ အဲဒီဒုက္ခသည်အဖြစ်မှတ်ပုံတင်တဲ့ကဒ်ပြားကို လက်မခံဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသကို လွန်ခဲတဲ့ ၁ လကရောက်လာတဲ့ မိုဟာမက်အူလာက ဘင်္ဂလီဘာသာစကားနဲ့ အခုလိုပြောပါတယ်။

"ကျနော်တု့ိ ဒီကဒ်ကိုလက်မခံပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ နယ်ခြားစောင့်တပ်ဖွဲ့က ကျနော်တို့ကို မြန်မာမွတ်စလင်လို့ပဲ ရေးထားပါတယ်။ အဲဒီတော့ ကျနော်တို့ဒီကဒ်ကို လက်မခံပါဘူး ကျနော်တို့ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေပါ။ တချို့လူတွေက ဒါကိုလက်ခံတာ သူတို့က ဒါကို မဖတ်တတ်လို့ပါ။ ဒီကဒ်ပေါ်မှာ ရိုဟင်ဂျာတိုင်းရင်းသားဆိုတာမပါဘူး ဒါကြောင့် ကျနော်တို့ ဒီကဒ်တွေကို ပြန်ပေးနေပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ၊ အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက မှတ်ပုံတင်နေတာဖြစ်တယ်လို့ Kutupalong ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ပေးနေတဲ့ ဒု-ဗိုလ်မှူးကြီး မိုဟာမက်မာဘက်ရာမန်ခန်းက ပြောပါတယ်။ ဒုက္ခသည်ကတ်ပြားမရှိဘဲနဲ့တော့ သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးမယ့် အထောက်အပံ့တွေကို ရမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက က ကဒ်ပြားတွေကို ပြန်ယူလိုက်ပေမယ့်။ ရာမန်ခန်းကတော့ သူတို့မှာ အချက်အလက်တွေ အကုန်ရှိထားပြီဖြစ်တယ်လို့ ပြောပါတယ်။

"ရိုဟင်ဂျာဆိုတဲ့စကားလုံး တလုံးကြောင့် အခုချိန်ထိတော့ သူတို့ဘက်ကလက်မခံသေးပါဘူး။ အဲဒီတော့ ဒါက သူတို့ပြဿနာပါ။ ဒါပေမဲ့ အခုထိတော့ ကျနော်တို့က သူတို့ဟာ ဘယ်သူတွေ၊ ဘယ်ကနေလာတဲ့သူတွေဆိုတဲ့ အခြေခံအချက်အလက်တွေနဲ့ပဲ မှတ်ပုံတင်ထားပါတယ်။"

Cox’s Bazaar ဒေသမှာ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းထဲကနေ အပြင်ကို ထွက်ခွင့်မပေးထားပါဘူး။ အဲဒီလူတွေကို ဒုက္ခသည်စခန်းကနေ အပြင်ထွက်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ လျှောက်သွားလို့မရအောင် လုံခြုံရေးဂိတ်တွေကိုလည်း ချထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ ဒုဗိုလ်မှူးကြီး ရာမန်ခန်းကတော့ - သူတို့အနေနဲ့ ဒုက္ခသည် ၃ သောင်းကို မှတ်ပုံတင်ထားပြီး၊ တခြားဒုက္ခသည်စခန်းတွေမှာ မှတ်ပုံတင်ဖို့နေရာအသစ်တွေလုပ်ပြီးတာနဲ့ ကျန်တဲ့ဒုက္ခသည်အားလုံးကိုလည်း အမြန်ဆုံးမှတ်ပုံတင် သွားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အကြီးတန်းပြန်ကြားရေးတာဝန်ခံ Kitty McKinsey ကတော့

"အခုလို အရေးကြီးတဲ့အချိန်မျိုးမှာ အစိုးရက လူတွေကိုမှတ်ပုံတင်ပေးနေတာကို တွေ့ရလို့ဝမ်းသာပါတယ်။ မှတ်ပုံတင်တာက ကိစ္စအတော်များများအတွက် အရေးကြီးပါတယ်။ အဲဒီလူတွေကို ဒီနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရအောင် လုပ်တဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါမှသူတို့လည်းအဖမ်းမခံရမှာဖြစ်ပြီး၊ သူတို့ဘယ်သူဆိုတာကိုလည်း ပြနိုင်မှာဖြစ်ပါတယ်။"

ARSA လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တာကို ၊ မြန်မာစစ်တပ်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရာကနေ ရိုဟင်ဂျာမွတ်စလင် ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ြ ကတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ ကြေငြာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG