သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က လှေစီးပြေးသူတွေ ငွေကြေးတောင်းခံမှုနဲ့ကြုံ


ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေစီးပြေးသူတွေ
ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေစီးပြေးသူတွေ

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်မကင်းသံတွေ ထွက်ပေါ် နေချိန်မှာဘဲ လူပေါင်းသိန်းနဲ့ချီ ထွက်ပြေးရောက်ရှိလာတယ်လို့ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေသူတွေအပေါ် အမြတ်ထုတ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရောက်လာနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ လူသားချင်းစာနာတဲ့ အနေနဲ့ အကူအညီပေးမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်မံ ကတိပြုပြောဆိုခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Joe Freeman ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောဝ်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကနေ ထွက်ပြေးလာသူပေါင်းဟာ ခန့်မှန်းချေ ၃ သိန်း ၇ သောင်း အထိ ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ နိုင်ငံတကာက စိုးရိမ်မကင်းမှုတွေ၊ ဝေဖန်သံတွေလည်း ဆက်လက်ထွက်ပေါ် နေတာပါ။ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Kutupalong ဒုက္ခသည်စခန်းကို အင်္ဂါနေ့မှာ ရောက်ရှိသွားတဲ့ ဝန်ကြီးချုပ် Sheikh Hasina ကတော့ ထွက်ပြေးလာသူတွေကို စာနာထောက်ထားဖို့ တိုက်တွန်းခဲ့တာပါ။

“ဒီလူတွေဟာ လူသားတွေပါ။ ဒီလိုဘေးဒုက္ခကြုံရအောင် တွန်းပို့တာမျိုး မလုပ်သင့်ပါဘူး။ ကျမတို့ဟာ လူသားတွေဖြစ်ပါတယ်။ ဘာတွေဖြစ်ပျက်ကြုံတွေ့ခဲ့ရတယ် ဆိုတာလည်း ကျမသိပါတယ်။ ၁၉၇၁ မှာတုန်းက ကျမကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်။ သိတဲ့အတိုင်း ကျမနဲ့ ကျမရဲ့ ညီအမတယောက်ပဲ ကျန်ပါတယ်၊ ကျန်တဲ့မိသားစုကတော့ လုပ်ကြံခံခဲ့ရပါတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ကျမတို့လည်း ဒုက္ခသည်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရဖူးပါတယ်။ ဒါကြောင့်လည်း နာကျင်စရာ၊ ကြေကွဲစရာ ခံစားချက်တွေကို ကျမနားလည်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ သိန်းနဲ့ချီရောက်လာနေတယ်လို့ဆိုတဲ့ တချိန်တည်းမှာပဲ၊ ရေကြောင်းကနေ ဝင်ရောက်ဖို့ ကြိုးပမ်းသူတွေကို အမြတ်ထုတ်ဖို့ ကြိုးပမ်းမှု သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dhaka Tribune သတင်းစာက သတင်းထောက် Adil Sakhawat ကတော့ မြန်မာနိုင်ငံ နယ်စပ်ဘက်ကို မကြာသေးခင်ကပဲ သတင်းယူဖို့ သွားခဲ့တဲ့ ခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“မြန်မာဘက်ကို အသွားမှာ ရာနဲ့ချီတဲ့စက်လှေတွေ တွေ့ခဲ့ပါတယ်။ တသီတတန်းကြီးပါပဲ။ တစီးပြီးတစီး မဆုံးနိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဦးတည်ပြီး လာနေကြတာပါ။”

ဘင်္ဂလားဒေ့ရှ် သတင်းထောက် Adil ဟာ ဒုက္ခသည်တွေ ထွက်ပြေးနေတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်ထားပုံရတဲ့ ARSA အစွန်းရောက်အုပ်စုအကြောင်း သိဖို့ ရည်ရွယ်ခရီးထွက်လာတာလို့ ဆိုပါတယ်။ လမ်းတလျှောက် လက်လှမ်းမီသလောက် စုံစမ်းရမှာ ဘင်္ဂလားဒေ့ရှ်ဘက်က စက်လှေသမားတွေက ခရီးတကြောင်းအတွက် လူတဦးကို အမေရိကန်ဒေါ်လာ ၁၀၀ လောက်အထိ တောင်းနေတာကြောင့်၊ မတတ်နိုင်သူ အများစုက၊ လျော့ဈေးများ ရမလား၊ အကူအညီတွေများပေါ်လာမလားဆိုပြီး ကမ်းတွေပေါ်မှာ ရက်တွေနဲ့ချီ သောင်တင်နေကြတယ်လို့လည်း ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးလာဖို့ ရိုဟင်ဂျာအတော်များများ အဲဒီလောက် ပိုက်ဆံ မတတ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ကို ကူညီနိုင်မယ့် တယောက်ယောက်ကိုပဲ စောင့်နေကြတာပါ။"

ဒုက္ခသည်တွေ ဆက်လက်ထွက်ပြေးနေရတဲ့ အခြေအနေတွေ ပေါ်ပေါက်ရတာဟာ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်က ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကြောင့် ဆိုပြီးတော့လည်း နိုင်ငံတကာက ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အများစုနေထိုင်ကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ဘင်္ဂါလီတွေ အဖြစ်နဲ့သာ အသိအမှတ်ပြု လက်ခံထားပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်သလို၊ မြန်မာနိုင်ငံ အနေနဲ့လည်း စိုးရိမ်ကြောင်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းနေကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG