သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေပေါ် နိုင်ငံတကာတုံ့ပြန်ချက် အပြင်းအထန်ဆက်ရှိနေ


သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းနေမှုတွေကြောင့် မြန်မာစစ်တပ်ကိုပေးနေတဲ့ စစ်သင်တန်းအစီအစဉ်ကို ပြန်လည် သုံးသပ်ပြီး ရပ်ဆိုင်းထားဖို့ ဗြိတိသျှ ပါလီမန် လွှတ်တော်အမတ် ၁၅၇ ဦးက ဗြိတိန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA လို့ခေါ်တဲ့ အာရကန် ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ စခန်း တွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်က တုံ့ပြန်လုပ်ဆောင်ရာမှာ ရာနဲ့ချီတဲ့လူတွေ သေဆုံးပြီး ရိုဟင်ဂျာ မွတ်ဆလင် တသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက စွပ်စွဲနေကြတာပါ။

လွှတ်တော်အမတ် ၁၅၇ ဦးက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ထံရေးသားပေးပို့တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပေါ် ပြင်းပြင်းထန်ထန်ဖိအားပေးဖို့လဲ တောင်းဆိုထားပါတယ်။

တနင်္ဂနွေနေ့ကလဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအတွင်း လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကြောင့် မွတ်ဆလင်ရိုဟင်ဂျာ ၃ သိန်းနီးပါး သူ့နိုင်ငံအတွင်းကို ထွက်ပြေးလာကြ ကြောင်း ပြောပါတယ်။

ဒီအခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောဆိုနေကြသလို ကျနော်တို့ကလည်း ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ပြောပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး A. H. Mohmood Ali က ဒက္ကာမြို့မှာ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါတယ်။

တွေ့ဆုံပွဲကို အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက သံတမန်တွေ၊ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂ အေဂျင်စီတွေ ရဲ့ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပြီး ဝန်ကြီး Ali က ဒီပြသနာကို နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့နဲ့ သူ့အခေါ် ရိုဟင်ဂျာ ဒုက္ခ သည်တွေအတွက် လူသားခြင်းစာနာမှု အကူအညီပေးကြဖို့ နှိုးဆော်သွားပါတယ်။

တနေ့ထဲမှာပဲ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကလည်း မြန်မာနိုင်ငံအတွင်း မွတ်ဆလင်တွေအပေါ် ကျူးလွန်နေ တဲ့ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေအတွက် အထူး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပါတယ်။

ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အထောက်ကူတွေ ပေးနိုင်ဖို့ လိုအပ်ချက်တွေကို ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ ရိုဟင်ဂျာကိစ္စ အခြေအနေတွေ ပိုပြီးဆိုးရွားလာနေတာကြောင့် ရိုဟင်ဂျာဒုက္ခသည် ၂ သောင်းကို သြစတြေးလျ နိုင်ငံအနေနဲ့ လက်ခံသင့်ကြောင်း သြစတြေးလျ Greens နိုင်ငံရေးပါတီက ပြောဆိုလိုက်ပါတယ်။

Greens ပါတီခေါင်းဆောင် အထက်လွှတ်တော်အမတ် Richard Di Natale က သြစတေးလျဝန်ကြီးချုပ် Malcolm Turnbull နဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီး Peter Dutton တို့ဆီကို စာရေးသားပြီး လွန်ခဲ့တဲ့ ၂ နှစ်က ဆီးရီးယားနိုင်ငံအတွက် ပြုလုပ်တဲ့ အရေးပေါ်အစီအစဉ်မျိုး ဆောင်ရွက်ပေးသင့်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG