ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားသူတွေ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးပုံစံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုပေးပို့ထားပြီး အထောက်အထားခိုင်မာသူတွေကိုပြန်လည်လက်ခံဖို့ ရှိကြောင်းနဲ့ တကယ်လို့ သက်သေခံအထောက်အထားတွေပျက်ဆီး၊ ပျောက်ဆုံးခဲ့ရင် မိသားစုစာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးပြီး လက်ခံ ဖွယ်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ က ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို အစိုးရတပ်မတော်က နှိမ်နင်းခဲ့တဲ့နောက် အစ္စလာမ်ဘာသာဝင် ၅သိန်းကျော်လောက်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားခဲ့ပါတယ်။
ဒီလို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးသွားတဲ့အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ ရှိခဲ့သလို မြန်မာအစိုးရဖက်ကလည်း ထွက်ပြေးသွားသူတွေကို ၁၉၉၃ မြန်မာ- ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံသဘော တူညီချက်အရ ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိကြောင်း ထုတ်ပြန်ခဲ့တယ်။
ဒီသဘောတူညီချက်ကို ၁၉၉၂ခုနှစ် ဧပြီလ ၂၈ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပြီး ၁၉၉၂-၉၃ မှာ စတင်အကောင်အထည်ဖော်တာကြောင့် ၁၉၉၃ သဘောတူညီချက်အဖြစ် ပြောဆိုသလို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဖက်ကတော့ ၁၉၉၂ သဘောတူညီချက်အဖြစ် ရည်ညွှန်းသုံးစွဲပါတယ်။
မြန်မာအစိုးရဖက်က တဖက်နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့ အခြေအနေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က အခုလို ပြောပါတယ်။
“ မြန်မာနိုင်ငံထဲကို ပြန်လည်ပြီးတော့ လာရောက်နေထိုင်လိုသူတွေအတွက်ကို Form တွေ ပုံစံတွေကို ဘင်္ဂလားဒေ့ရ်ှအစိုးရဖက်က တဆင့် ညှိနှိုင်းပေးပို့ပြီးဖြစ်တယ်ဗျ။ အဲဒီ Form တွေကတော့ ပို့ပြီးပြီ။ ပို့ပြီးပြီ ဆို တော့ ဟိုဖက်ကနေပြီးတော့ သူတို့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြည့်ပြီး ပြန်ပို့ရင် ဒီအစီအစဉ်က မြန်မြန် ပြီး သွားမယ့်သဘောရှိတာပေါ့ဗျာ။”
ဒီစိစစ်ရေးပုံစံတွေကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ဒီလ ၁ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အဖွဲ့ သွားရောက်စဉ် ပေးအပ်ထား ကြောင်းလည်း ပြောပါတယ်။
ပေးဖို့ထားတဲ့ စိစစ်ရေးပုံစံမှာ ၁၉၉၃ သဘောတူညီချက်အပြင် အချက် ၂ချက်ပါဝင်ကြောင်းလည်း ပြောပါတယ်။
“ ၉၃ တုံးက ပုံစံပါပဲ။ ဒီအတိုင်းပဲ ကျနော်တို့လုပ်တာပဲ။ အဲဒီမှာတော့ တခုပဲ ထပ်ပြီးပါလာတာတော့ အဓိက ဆိုရင် လူ့အခွင့်အရေးအရ သူတို့က မည်သည့်ခြိမ်းချောက်မှု တိုက်တွန်းမှုမှ မပါဘဲနဲ့ ြ့မန်မာနိုင်ငံအတွင်းကို ပြန်လည်နေထိုင်လိုကြောင်း ဝန်ခံလက်မှတ်ရေးထိုးရမယ့် တချက်ပါလာတယ်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ကို ကျနော်တို့က ခြိမ်းချောက်တာ တိုက်တွန်းတာတွေ မပါဘဲနဲ့ သူ့သဘောအလျောက်ပြန်လာတဲ့ဟာ ဖြစ်စေချင်လို့လေ။ နောက်တခုကတော့ မြန်မာနိုင်ငံထဲမှာ လာရောက်နေထိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပါမယ်ဆိုတာ တချက်ပါတယ်ခင်ဗျ။ ကျန်တာတွေကတော့ ၉၃တုံးကအတိုင်းပဲ သူတို့ရဲ့ နံမည်တွေ၊ သူတို့ မွေးသက္ကရာဇ်တွေ၊ နေထိုင်ခဲ့ဖူးတဲ့ နေရပ်လိပ်စာတွေ၊ သူတို့ရဲ့ ဆွေမျိုးတွေ ဒီလို အချက်အလက်တွေဖြစ်ပါတယ်ခင်ဗျ။ ”
ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali က ၁၉၉၂ နှစ်နိုင်ငံသဘောတူညီချက်အဖြစ်ရည်ညွှန်းပြောဆိုပြီး လက်ရှိအခြေအနေနဲ့ အရင်အခြေအနေဟာ လုံး၀ ကွဲပြားနေကြောင်းလက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ မူဆလင်ကျေးရွာ တဝက်လောက်ဟာ မီးလောင်ကြွမ်းခဲ့ကြောင်း၊ လက်ရှိလည်း လောင်နေဆဲဖြစ်ကြောင်းနဲ့ ဒါကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ သက်သေအထောက်အထားပြဖို့ဆိုတာ လက်တွေ့မကျကြောင်း ထုတ်ပြန်ထားပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က သက်သေခံအထောက်အထားပျောက်ဆုံး၊ပျက်ဆီးသူတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နိုင်တဲ့အခြေအနေကို အခုလို သုံးသပ်ပြောဆိုပါတယ်။
“ အဓိကကတော့ ကျနော်တို့ နိုင်ငံက ထုတ်ပေးထားတဲ့ သက်ဆိုင်ရာ ကဒ်တမျိုးမျိုးပါရမှာပေါ့ဗျာ။ တကယ်လို့ မပါဘူးဆိုရင်တော့ နောက်ပိုင်းတော့ နှစ်နိုင်ငံ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ အစိုးရအဖွဲ့တွေ ပြန်ပြီးတော့ ညှိနှိုင်းပေးရမှာပေါ့။ တကယ်လို့ နောက်ဆုံးအခြေအနေဖြစ်လာမယ်ဆိုရင် နယ်စပ်ဒေသတွေမှာ ပြည်တွင်းက မြို့နယ်တွေ ရပ်ကွက်တွေနဲ့ မတူဘူး။ အိမ်ထောင်စုစာရင်းတွေက ဓါတ်ပုံတွေနဲ့ပါ တွဲပြီးလုပ်ထားတာဗျ။ သူတို့ လျှောက်လွှာမှာ ပါတဲ့ ဓါတ်ပုံနဲ့ အိမ်ထောင်စုစာရင်းမှာ တွဲပြီးလုပ်ထားတဲ့ ဓါတ်ပုံတွေနဲ့ ကျနော်တို့ မှတ်တမ်းတွေ လက်ထဲမှာ ရှိတယ်။ ဒါတွေ တိုက်ဆိုင်စစ်ဆေးပြီးတော့ နောက်ဆုံးအခြေအနေကျရင် အဲလို တိုက်ဆိုင်စစ်ဆေးပြီးတော့ ဆောင်ရွက်ပေးလို့ ရတယ်။ ဒါက နှစ်နိုင်ငံ ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။”
အိမ်ထောင်စုစာရင်းတွေကို တစ်နှစ်တခါ ဆောင်ရွက်ထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးဖေသန်းဦးကတော့ ၁၉၉၃ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံရာမှာ တွေ့ကြုံရတဲ့ အခက်အခဲ တချို့ကို အခုလို ပြောဆိုထားပါတယ်။
“ကျနော်တို့ဖက်က မူ၄ချက်နဲ့အညီလက်ခံတယ်။ မူ၄ချက်နဲ့ မကိုက်ညီဘူးဆိုရင် အခက်အခဲရှိတယ်။ နောက်တခုက တကယ်တမ်း ကျနော်တို့က လက်ခံမယ်ဆိုပြီးတော့ ကိုက်ညီတဲ့သူတွေကို ခေါ်ပြန်တော့လည်း ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ဘင်္ဂါလီတွေက ကျနော်တို့ ဖက်ကနေပြီးတော့ ဟုတ်ပြီ စိစစ်ပြီးပြီ၊ လာပါဆိုပြီး ပြန်ခေါ်တာကိုပဲ မလာချင်ကြဘူး။ မလာဘဲနဲ့ ဟိုဖက်မှာပဲ နေတယ်။ ပြောကြမယ်ဆိုရင် သူတို့ဖက်က နေပြီး ဒီဖက်ကို မလာတာ။ အဲဒီအတွက်ကြောင့်မို့ အရင်တုံးက လက်ကျန်တွေဟာ ကျနော်တို့ဖက်က ပြန်ပြီး လက်ခံလို့ မရဘူး။ သူတို့ဖက်က မလာချင်တာ။”
အစိုးရက ထုတ်ပြန်တဲ့စာရင်းမှာ ၁၉၉၂ခုနှစ်စက်တင်ဘာလကနေ ၂၀၀၅ခုနှစ် ဇူလိုင်လအထိ အိမ်ထောင်စု ၄သောင်း ၇ထောင်လောက်နဲ့ လူဦးရေ ၂သိန်း ၃သောင်းခွဲကျော် ပြန်လာပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။
လက်ရှိမြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေကိုတော့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူရကျေးရွာတွေကနေ လက်ခံဖို့ မြန်မာအစိုးရဖက်က အကြမ်းအားဖြင့် လျာထားသတ်မှတ်ထားပါတယ်။