သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နတ်မြစ်ထဲလှေမှောက် လှေစီးပြေးဒုက္ခသည် ၁၂ လောင်းတွေ့ရှိ


နတ်မြစ်ထဲလှေမှောက် လှေစီးပြေးဒုက္ခသည် ၁၂ လောင်းတွေ့ရှိစဉ်
နတ်မြစ်ထဲလှေမှောက် လှေစီးပြေးဒုက္ခသည် ၁၂ လောင်းတွေ့ရှိစဉ်

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်က နတ်မြစ်အတွင်း လှေတစင်း ဒီကနေ့ နစ်မြုပ်ခဲ့တာကြောင့် ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် ၁၂ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူတွေထဲက အများစုဟာ ကလေးတွေဖြစ်ကြပြီး၊ လှေပေါ်မှာပါလာတဲ့ လူ ၈ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ရိုက်တာသတင်းဌာနကရဲ့ ဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်မှာ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့ မှာ နစ်မြုပ်သွားတာကြောင့် လူ ၁၂ ယောက်ထက်မနည်းသေဆုံးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက်စွန်းက Shah Porir Dwip မြို့အနီး နတ်မြစ်အတွင်းမှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူ တွေက ပြောပါတယ်။ လှေပေါ်မှာ လူဘယ်နှစ်ယောက်ပါဝင်ခဲ့တယ်ဆိုတာကို အတိအကျမပြောနိုင်ပေမယ့်၊ ကလေးငယ် ၁၀ ဦး အပါအဝင် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေရှိခဲ့ပြီး လူ ၈ ယောက်ထက်မနည်းကို ကယ်တင်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က ပြောပါတယ်။ အသက် ၃၀ အရွယ် Sayad Hussain ကတော့ ဒီလှေနစ်မြုပ်တဲ့အထဲမှာ အသက်မသေဘဲ ကျန်ခဲ့သူတဦးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိသားစုဝင်အတော်များများတော့ လှေနှစ်တဲ့အထဲမှာပါသွားခဲ့တယ်လို့ ဘင်္ဂါလီဘာသာစကားနဲ့ ပြောပါတယ်။

"ကျနော်နဲ့ ကျနော်မိန်းမရယ် ၊ ကလေး ၃ ယောက်ရယ်၊ ကျနော်အမေ နဲ့ ကျနော်ယောက္ခမ စုစုပေါင်း ကျနော်တို့ အားလုံး ၇ ယောက်ပါ။ အဲဒီထဲမှာကျနော် တစ်ယောက်ပဲ အသက်ရှင်ပါတယ်။ ကျနော်တို့ အားလုံး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရပ်တည်ရပါတယ်။ သူတို့က ရွာတွေ၊ အိမ်တွေကို မီးရှို့ပါတယ်။ ကျနော်တို့ အသက်ဘေးကနေလွတ်အောင် ဒီကိုထွက်ပြေးခဲ့တာပါ။"

မကြာသေးခင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ၊ ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြတာဖြစ်ပြီး၊ တချို့တွေကတော့ စက်လှေတွေနဲ့ နယ်စပ်ကို ဖြတ်ကူးကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နတ်မြစ်အတွင်း စက်လှေတစင်းနစ်မြုပ်ခဲ့တာကြောင့် ရိုဟင်ဂျာမွတ်စလင် ၂၀ ထက်မနည်းသေဆုံးခဲ့ပါသေးတယ်။ အခုတကြိမ် လှေနစ်မြုပ်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး Sayad Hussain အခုလို ပြောပါတယ်။

ကလေးတွေအပါအဝင် လူအရေအတွက်က ၂၀ ကနေ ၆၀ လောက်အထိရှိပါတယ်။ ကမ်းခြေမှာ ၁၀ ရက်လောက် စောင့်ရပါတယ်။ ညနေ ၆ နာရီလောက် လှေရောက်လာတဲ့အချိန်မှာ လှေပေါ်ကို တက်ကြပါတယ်။ ပြီးတော့ ၁ နာရီလောက်သွားပြီးတဲ့အချိန်မှာ လှေကနစ်ပြီး၊ ကျနော်မိသားစုလည်း အဲဒီမှာပါသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတွေရဲ့ အဆိုအရတော့ - ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၅ သိန်းကျော်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအပါအဝင် နဲ့ အနောက်နိုင်ငံတချို့၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲလိုက်ပြီး၊ မြန်မာအစိုးရဘက် ကတော့ ဒါကို လက်မခံဘဲပယ်ချခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာအစွန်းရောက်အဖွဲ့တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးစခန်းတွေ ၃၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကို မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ရာကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက မတည်မငြိမ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ အဲဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ယောက် အပြင် ရခိုင်ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူတွေ နဲ့ တခြားလူနည်းစု မျိုးနွယ်တွေလည်း သေဆုံးတာတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးတာတွေရှိတယ်လို့ မြန်မာအစိုးရဘက်က ပြောလိုက်ပြီး၊ ARSA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်နဲ့ သတ်မှတ်ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG