သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်များ ကျွန်းပို့မည့်အစီအစဉ် လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


ဒုက္ခသည်များကို ပို့ရန်စီစဉ်ထားသော Thengar Char ကျွန်း
ဒုက္ခသည်များကို ပို့ရန်စီစဉ်ထားသော Thengar Char ကျွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ဝေးလံ ခေါင်သီတဲ့ ကျွန်း တခုဆီ ရွှေ့ပြောင်းနေရာ ချထားမယ် ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြင်းပြင်းထန်ထန်ကန့်ကွက် ဝေဖန်နေကြပါတယ်။ ရေကြီးရေလျှံမှုတွေနဲ့ မုန်တိုင်း အန္တရာယ်ပါ ကြုံရလေ့ရှိတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက လူသူ အသွားအလာ မရှိတဲ့ အဲဒီကျွန်းကို အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှာကို ဒုက္ခသည်တွေကလည်း စိုးရိမ် ထိတ်လန့်နေကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီကို ဘင်္ဂလားပင်လယ်အော် ထဲက ဝေးလံခေါင်သီတဲ့ ကျွန်းတခု ဆီကို ရွှေ့ပြောင်း နေရာချ ထားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် လူ့အခွင့်အရေးအဖွဲ့တွေက ဒီကိစ္စ အပြင်းအထန် ကန့်ကွက် ဝေဖန်နေကြတာပါ။ ရေကြီးရေလျှံမှုတွေနဲ့ သဘာဝဘေးအန္တရာယ်ဆိုးတွေ ကျရောက်လေ့ရှိတဲ့ အဲဒီကျွန်းကို ဒုက္ခသည်တွေ ရွှေ့ပြောင်း လိုက်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကြုံရနိုင်ပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်မှုတွေလည်း ကပ်ဘေးတခုလို ဆိုးဆိုးရွားရွား ကြုံလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ တွေက ပြောဆိုနေကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အကာအကွယ် လိုအပ်နေတဲ့သူတွေပါ။ သူတို့ကို ပြစ်ဒဏ်ခတ်သလို၊ ဘာ အသက်မွေးဝမ်းကြောင်းမှုမှ မလုပ်နိုင်ဘဲ အသက်ရှင်ဖို့သက်သက် ရုန်းကန်ရမယ့် ကျွန်းတခုကို အပို့ မခံရသင့်ပါဘူး။ Thengar Char ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မကြာခဏ ခံရလေ့ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းတွေရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွားခံရဖို့ သိပ်လွယ်ကူတဲ့နေရာပါ။”

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အငယ်တန်းဝန်ကြီးတဦးဖြစ်တဲ့ Shahriar Alam ကတော့ - ဒီကျွန်းကို လူနေဖို့ သင့်တော်တဲ့ နေရာတခုဖြစ်အောင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က စီစဉ် လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကို စတင်အကောင်အထည် ဖော်နေပြီလို့ ပြောပါတယ်။

“လူနေလို့ရတဲ့ကျွန်းဖြစ်အောင် လိုအပ်တာမှန်သမျှ သူတို့က လုပ်ဆောင်ပေးသွား မှာပါ။ ပြီးရင်တော့ ဒီ Thengar Char ကျွန်းဆီကို Cox’s Bazar နဲ့ တခြား နေရာတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို ရွှေ့ပြောင်းနေရာ ချပါမယ်။ ဒီရွှေ့ပြောင်းမယ့်အစီအစဉ် အကောင်အထည် ဖော်မှုတွေလည်း စတင်နေပါပြီ။”

အခုအစီအစဉ်ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ယာယီနေထိုင်နိုင်အောင် စီစဉ်ပေးတာဖြစ်ပြီး မြန်မာအစိုးရက ဒီ ဒုက္ခသည်တွေ ကို ပြန်လည် ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း Shahriar Alam က ပြောပါတယ်။

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေကတော့ အခု အစီအစဉ်အတိုင်း တကယ်ဖြစ်လာရင် နောက်တကြိမ် လှေစီးပြေး ဒုက္ခသည်တွေ အများအပြား ထပ်ရှိ လာနိုင်တယ်လို့ သတိပေး ပြောနေကြပါတယ်။ Thengar Char ကျွန်းကို အတင်းအဓမ္မ ရွှေ့ပြောင်း ခံရမှာကို ဒုက္ခသည်တွေကလည်း အခုကတည်းက စိုးရိမ်နေကြပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ကျနော်တို့ အသက်လုပြေးခဲ့ရတာပါ။ မွတ်စလင်အများစုနေထိုင်တဲ့ ဒီနိုင်ငံံမျာ ကျနော်တို့အတွက် အကာအကွယ် ပိုရလိမ့်မယ်လို့ ယုံကြည်ပြီး ထွက်လာတာပါ။ ဒါပေမဲ့ အခုတော့ ဝေးလံခေါင်သီတဲ့ ကျွန်းတခုကို ကျနော်တို့ကို ပို့မယ်လို့ ပြောနေပါတယ်။” လို့ Cox’s Bazar ခရိုင်က ဒုက္ခသည်တဦးဖြစ်တဲ့ Mohammad Eliyas ပြောသွားတာပါ။

၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ မြန်မာနိုင်ငံတွင်း စီးပွားရေး ကျပ်တည်းမှုတွေ နဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ငါးသိန်းကျော်လောက် ရှိလိမ့်မယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂကလည်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတစောင်ကို သိပ်မကြာခင်တုန်းက ထုတ်ပြန်ခဲ့သလို၊ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ဖိအား ဆက်ပေးသွားဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူ မောင်ဇာနည်က ပြောပါတယ်။

“အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ လူ့အခွင့်အရေးကို အခိုင်အမာ ထောက်ခံအားပေးပြီး၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ ကို ဆန့်ကျင်တဲ့မူဝါဒတွေကို ကိုင်စွဲ လုပ်ဆောင်သင့်ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် အမေရိကန် အစိုးရဟာ မြန်မာအစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးနိုင်တဲ့ အဓိကကျတဲ့ နိုင်ငံကြီးတခုပါ။ အခု Trump အစိုးရသစ်အနေနဲ့လည်း လူ့အခွင့်အရေးကိစ္စကို ချန်လှပ်ထားတာမျိုး မဖြစ်ဖို့ ကျနော် မျှော်လင့်ပါတယ်” လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မောင်ဇာနည် ပြောသွားတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်သူတွေကို ရှာဖွေ နှိမ်နင်းတဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေကို အစုလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့မတရား ပြုကျင့်တာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေ အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် ပြောဆိုနေကြပေမဲ့ မြန်မာ အစိုးရကတော့ စွတ်စွဲချက်တွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း အစဉ်တစိုက် ငြင်းဆန်ထား ပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရှိရင် သူတို့ကို ပြောဖို့လည်း မြန်မာအစိုးရဘက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG