သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ တသောင်းကျော် ဘင်္ဂလားဒေ့ရှ် ထပ်မံရောက်ရှိ


ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာ ဒုက္ခသည်များ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်းသောင်းနဲ့ချီ ထပ်မံထွက်ပြေးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်သံတွေ ထွက်ပေါ်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နှင့်ပြီးသား သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအတွက် ကျန်းမာရေး အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်ကြောင်း ပြောဆိုနေချိန်မှာပဲ နောက်ထပ် ထွက်ပြေးသူတွေ ရှိနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။ အပြည့်အစုံကိုတော့ နန်းလောင်ဝ် က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒုက္ခသည် တသောင်းတထောင် မနေ့တုန်းကပဲ ရုတ်တရက် ရောက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်စရာတွေ တကျော့ပြန် ဖြစ်လာရတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရသူ Adrian Edwards က ဂျနီဗာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ အင်္ဂါနေ့က ုပြောဆိုလိုက်တာပါ။

"ခုလို ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်လာတဲ့အတွက် အခြေအနေတွေဟာ လုံး၀ စိုးရိမ်ရတဲ့အနေအထားကို ပြန်ရောက်သွားပါတယ်။ လူပေါင်း ၁ သောင်းတထောင် ဆိုတာ သိပ်များတဲ့ပမာဏပါ။ ပြီးခဲ့တဲ့ သီတင်းခြောက်ပတ်လောက်က အရေးပေါ် အခြေအနေတွေဖြစ်ပွါး ခဲ့တဲ့ အချိန်တုန်းကသာ ဒုက္ခသည်တွေ ခုလို အစုလိုက် အပြုံလိုက်ဝင်ရောက်ခဲ့တာပါ။ ဒါကြောင့် အဲဒီလို စိုးရိမ်ရတဲ့ အခြေအနေကိုအခု ပြန်ရောက်သွားတယ်လို့ ဆိုရမှာပါ။ နောက်ပြီး ထပ်ရောက်လာမယ့်လူတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ နယ်စပ်ဖြတ်ပြီးရောက်လာတဲ့သူတွေထဲမှာ ဒဏ်ရာတွေရထားတဲ့ လူတွေ၊ စိုးရိမ်ကြောက်လန့် နေတဲ့သူတွေ ပါလာတာကိုလည်း ကျနော်တို့ တွေ့ခဲ့ရပါတယ်"

သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အစွန်းရောက်အုပ်စုက လုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခဲ့ပြီးနောက်၊ နောက်ဆက်တွဲ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လူပေါင်း သိန်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားကြတာပါ။ ထွက်ပြေးလာသူပေါင်း သန်းဝက်ကျော်အထိ ရှိနေပြီလို့လည်း UNHCR က ခန့်မှန်းထားပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက အများစုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတာပါ။

"ဒုက္ခသည် အများအပြား ခုလိုရောက်လာရတဲ့အကြောင်းရင်းကို ကျနော်တို့ မသိပါဘူး။ တချို့လူတွေကတော့ လွန်ခဲ့တဲ့ရက်တွေ ကတည်းက အိမ်ကထွက်ပြီး နယ်စပ်ဘက်ကို ဦးတည်လျောက်လာပြီး၊ တချို့ဆိုရင် ထွက်လာတာ ၂ ပတ်လောက်တောင်ရှိပြီလို့ ပြောပါတယ်"

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအတွက် ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မယ့် အန္တရာယ်ကို ကာကွယ်ဖို့ ကာကွယ်ဆေး တိုက်ကျွေးတဲ့ လုပ်ငန်းစဉ်ကို အင်္ဂါနေ့မှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဘင်္ဂလားဒေရှ့် ကျန်းမာရေး ဌာနတို့က စတင်လိုက်ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာဘဲ ဝမ်းပျက်ဝမ်းလျှောဖြစ်သူ နောက်ထပ် ၁ သောင်းကျော် တွေ့ရှိခဲ့ရပြီး နောက်မှာပဲ ကာကွယ်ဆေး တိုက်ကျွေးရေး အစီအစဉ်တွေကို စတင်နေတာဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ပြောခွင့်ရ CHRISTIAN LINDMEIER ကပြောပါတယ်။

"ကာလဝမ်းရောဂါ ကာကွယ်ဆေး ၉ သိန်းဟာ ဒုက္ခသည်တွေကိုရော၊ သူတို့ကိုလက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းမှာပါ ရောဂါကူးစက် ပျံ့ပွားမှုမရှိအောင် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီရောဂါဟာ လူသိပ်ပြီးထူထပ်တဲ့နေရာတွေ၊ သောက်သုံးရေနဲ့ မိလ္လာစနစ်ကောင်းကောင်းမရှိတဲ့နေရာတွေမှာ ဖြစ်ပွါးတတ်ပါတယ်။ "

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၈ သိန်းကျော်ကို ထားဖို့အတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစီအစဉ်ဟာ အန္တရာယ်ကြီးတယ်လို့လည်း ကုလသမဂ္ဂ အပါအဝင် အကူအညီပေးရေး အေဂျင်စီတွေက သတိပေးနေကြတာပါ။ သိန်းနဲ့ချီတဲ့ လူတွေကို တနေရာတည်းမှာ စုပြုံထားတာဟာ ရောဂါကူးစက်ဖို့ အခွင့်အလန်းနဲ့ မီးဘေးလို မတော်တဆဖြစ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် Robert Watkins က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

ရိုဟင်ဂျာ တသောင်းကျော် ဘင်္ဂလားဒေ့ရှ် ထပ်မံရောက်ရှိ
please wait

No media source currently available

0:00 0:02:55 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG