သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အီးယူနဲ့ ကန် စဉ်းစားနေ


ရိုဟင်ဂျာမွတ်စလင် ၅၀၀,၀၀၀ ကျော် နိုင်ငံထဲကနေထွက်ပြေးသွားရအောင် လုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုကြောင့် မြန်မာ စစ်ဘက် ခေါင်းဆောင်တွေအပေါ် အတိအကျဦးတည်ချက်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေချမှတ်ဖို့ ဥရောပသမဂ္ဂ EU နဲ့ အမေရိကန် ပြည်ထောင်စုတို့က စဉ်းစားနေတဲ့အကြောင်း ဒီဆွေးနွေးမှုတွေနဲ့နီးစပ်တဲ့ တာဝန်ရှိသူတွေကပြောတယ်လို့ ရိုက်တာသတင်းတပုဒ် မှာရေးထားပါတယ်။

ဒီအကျပ်အတည်းကို တုံ့ပြန်လုပ်ဆောင်ရေး ဆွေးနွေးနေကြတာတွေထဲမှာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို အတိအကျဦးတည်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရေးဟာလဲ နည်းလမ်းအမျိုးမျိုးထဲမှာ တခါအပါအဝင်ဖြစ်တယ်လို့ ဝါရှင်တန်၊ ရန်ကုန်နဲ့ ဥရောပမှာ တာဝန်ရှိသူ တဒါဇင်ကျော်နဲ့ တွေ့ဆုံ ဆက်သွယ် မေးမြန်းတာကနေ သိထားရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ခုချိန်ထိတော့ ဘာဆုံးဖြတ်ချက်မှ ချတာ မရှိသေးဘဲ အမေရိကန်နဲ့ EU တို့က ဒီကိစ္စကို လောလောဆယ်မှာ ဆိုင်းထားဖို့ ဆုံးဖြတ် နိုင်ခြေရှိတယ်လို့လဲ သတင်းရင်းမြစ်တွေကပြောပါတယ်။ အကြမ်းဖက်အခြေအနေတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို အကူအညီ တွေ တိုးပေးဖို့ ဆွေးနွေးတာတွေလဲ ရှိတယ်လို့ဆိုပါတယ်။

EU နိုင်ငံခြားရေးဝန်ကြီးကောင်စီမှာ အောက်တိုဘာလ ၁၆ ရက်နေ့ကျရင် မြန်မာ့အရေး ဆွေးနွေးဖို့ရှိပေမဲ့ ဒဏ်ခတ်အရေးယူမှု တခုခုနဲ့ပတ်သက်လို့ အဲဒီလောက်မြန်မြန် လုပ်လာမယ်လို့တော့ မျှော်လင့်မထားပါဘူး။ မြန်မာစစ်ဘက်ကို နောက်ထပ်ဖိအားပေး လိုတဲ့အတွက် ရခိုင်ပြည်နယ်အကျပ်အတည်းကို အစည်းအဝေးအစီအစဉ်ထဲမှာ ထည့်သွင်းရေး ဒိန်းမတ်နိုင်ငံက လုပ်ဆောင်ခဲ့ တယ်လို့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ulla Tornaes က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တခြားဗိုလ်ချုပ်အတော်များများအပြင် ရိုဟင်ဂျာကျေးရွာတွေ ကို မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရခိုင်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေကိုပါ ဒဏ်ခတ်အရေးယူဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရအဖွဲ့ထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ ဝါရှင်တန်အခြေ စိုက် အမေရိကန်တာဝန်ရှိသူနှစ်ဦးက ပြောတာကိုလဲ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ ဆုံးဖြတ်ကြမယ်ဆိုရင်တော့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ အမေရိကန်ကို လာရောက် ခွင့် ပိတ်ပင်တားမြစ်တာ၊ ဒဏ်ခတ်အရေးယူခံရသူတွေနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန်နိုင်ငံသားတွေကို တားမြစ်တာနဲ့ တခြား အရေးယူမှုတွေကို အမေရိကန်က လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG