သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွင်းသတင်းယူရေး လုံခြုံရေးအာမခံချက်ရှိဖို့ သတင်းသမားတွေတောင်းဆို


သတင်းမီဒီယာအဖွဲ့များ ရခိုင်မှာ သတင်းရယူနေကြစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
သတင်းမီဒီယာအဖွဲ့များ ရခိုင်မှာ သတင်းရယူနေကြစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေအထိ ကွင်းဆင်းသတင်းရယူနေတဲ့ သတင်းသမားတိုင်းအတွက် အာမခံချက်ရှိတဲ့ လုံခြုံရေးကို ဒေသဆိုင်ရာနဲ့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ စနစ်တကျတာဝန်ယူ ဆောင်ရွက်ပေးဖို့ မြန်မာသတင်းသမားတွေက တောင်းဆိုလိုက်ကြပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ အစိုးရဘက်က နယ်မြေကန့်သတ်ချက်တွေအပါအဝင် သတင်းအချက်အလက်ရယူချိန် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ပတ်သက်လို့လည်း မီဒီယာတာဝန်ရှိသူတွေဘက်က ဝိုင်းဝန်းဖြေရှင်းကြဖို့ သတင်းသမားတွေ ဆွေးနွေးခဲ့ကြပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်း လက်ရှိမြန်မာသတင်းသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာသမားတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (The Myanmar Journalists Association-MJA) နဲ့ နိုင်ငံတကာမီဒီယာထောက်ပံ့ရေး (IMS) တို့ပူးပေါင်းစီစဉ်တဲ့ အောက်တိုဘာလ ၇ရက်နေ့ကကျင်းပတဲ့ “ သတင်းသမားများနဲ့ လုံခြုံရေး” ဆွေးနွေးပွဲမှာ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေ က အဓိက သူတို့ရင်ဆိုင်နေကြရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်ခဲ့ကြတာပါ။ သတင်းမီဒီယာတာဝန်ရှိသူတွေဘက်ကနေ အဓိက ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့အကြောင်းတွေကိုတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“တကယ့်လိုအပ်နေတာကတော့ Access to information ပေါ့နော်။ သတင်းအချက်အလက် ရရှိပိုင်ခွင့် အဲဒါက တော်တော်အားနည်းနေပါတယ်ခင်ဗျ။ ကျနော်တို့ဆီမှာလေ သတင်းသမားတွေအတွက် အားနည်းနေတယ်၊ အစိုးရဌာနတွေ၊ သက်ဆိုင်ရာ ဌာနတွေက သတင်းသမားတွေမေးတဲ့မေးခွန်းဖြေကြားတဲ့နေရာမှာ နှောင့်နှေးမှုတွေရှိတယ်ကြန့်ကြာမှုတွေရှိတယ်။ ငြင်းဆန်မှုတွေရှိတယ်။ အဲဒီဟာက ကျနော်တို့အတွက် ဘယ်လောက်အထိ ကြီးလေးတဲ့ ကိစ္စဖြစ်လာသလဲဆိုတော့ အခုနိုင်ငံတကာ International Image ပေါ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ပုံရိပ်ပေါ့ ၊ အဲဒီ ပုံရိပ်ကို နိုင်ငံတကာမီဒီယာတွေက ဖော်တဲ့အခါမှာ ဒီအစိုးရရဲ့ တာဝန်ရှိတဲ့ ပြန်ကြားရေးဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပေါ့နော် ၊ ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် တခြားအဖွဲ့အစည်းတွေက ထိထိရောက်ရောက်မလုပ်နိုင်ဘူးခင်ဗျ။ ဖြစ်နေတဲ့ပြဿနာဇစ်မြစ်က အဲဒါလည်းပါပါတယ်။ မီဒီယာကို မကိုင်တွယ်တတ်ဘူးလို့ပြောရမှာပေါ့။ သတင်းယူတဲ့နေရာမှာ အခက်အခဲတွေရှိတယ်၊ သွားရတာမှာ လုံခြုံမှုတွေ အားနည်းချက်တွေရှိတယ်။ နောက်ပြီးတော့ သူတို့ကို ချိမ်းခြောက်နေတဲ့ ဥပဒေ ပြဌာန်းချက်တွေရှိပါတယ်။ ၆၆(ဃ) တို့လို ပေါ့ နောက်ပြီး Illegal association act တိုင်းရင်းသားလက်နက်ကိုင် ၂၀-၃၀ လောက်ရှိတဲ့နိုင်ငံမှာ Illegal association act အရ ဘယ်အဖွဲ့အစည်းဟာ Illegal လဲဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် လုပ်ငန်းအရ တခါတခါ ဆက်သွယ်ဖို့ လိုအပ်တယ်၊ တခြားအဲဒီလို အခက်အခဲတွေ အများကြီးရှိပါတယ်ခင်ဗျ။ ဥပဒေအရ ကန့်သတ်ထားတဲ့ဟာတွေ အဟန့်အတားတွေရှိတယ်။ နောက်ကျနော်တို့ရဲ့ အားနည်းချက်တခုက Rights To Information Act ဆိုတာက အဲဒါက နိုင်ငံသားအားလုံးရဲ့ သတင်းအချက်အလက် သိရှိပိုင်ခွင့်ပါ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံ တော်တော်များများမှာရှိပါတယ်ခင်ဗျ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာမရှိသေးဘူး ကျနော်တို့ကတော့ ရေးဆွဲဖို့လုပ်နေပါတယ်။ ကြိုးစားနေတာတွေရှိပါတယ်။”

အထူးသဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားတွေ သတင်းသွားရောက်ရယူတဲ့အခါမှာ ရင်ဆိုင်တွေ့ကြုံနေရတဲ့အခက်အခဲ သတင်းသမားတွေအတွက် လုံခြုံရေးနဲ့ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA ရဲ့ အထွေထွေအတွင်းရေးမှူး ကိုကျော်စွာမင်းက ပြောပါတယ်။

“အားလုံးသိတဲ့အတိုင်းပါပဲ ကျနော်တို့ ရခိုင်ပြည်နယ်ကိစ္စမှာပတ်သက်ပြီးတော့ သတင်းသမားတွေက ပိုပြီးတော့ သွားချင်တယ်၊ သတင်းတွေပိုယူချင်တယ် ။ဒါပေမယ့် လက်ရှိ ပကတိအနေအထားအရ သတင်းရယူမှုအပိုင်းမှာ ခက်ခဲနေတယ်။ တကယ်လို့ သွားမယ်ဆိုရင်လည်း သူတို့အတွက်ကိုပေါ့နော် ဘယ်လိုပုံစံမျိုးနဲ့ သွားနိုင်တယ်ဆိုတာကိုကျနော်တို့ ဆွေးနွေးတာလည်း ပါပါတယ်၊ နောက်တခု ကတော့ သတင်းကတော့ တကယ့်တကယ်ဖြစ်နေပြီ မဖြစ်မနေသွားယူရတော့မယ် အဲလိုသွားယူတဲ့အခါမှာ သတင်းသမားတွေအတွက်လုံခြုံရေးကို ဘယ်လိုမျိုး သွားယူသင့်တယ် ။ ဘယ်လိုမျိုးဆောင်ရွက်ပေးသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။”

ဒါ့အပြင် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့နေရာတွေအထိ ကွင်းဆင်းသတင်းရယူတဲ့အခါမှာ အစိုးရဘက်က လုံခြုံရေးအကြောင်းပြချက်နဲ့ သတင်းရယူနိုင်တဲ့နေရာ ကန့်သတ်ချက်တွေရှိနေတာ အစိုးရဘက်က စီစဉ်ပေးထားတဲ့ နေရာတွေမှာပဲ စီစဉ်ထားတဲ့သူတွေနဲ့ မေးမြန်းရယူနေတာလိုမျိုး လွတ်လပ်စွာသတင်းရယူခွင့်တွေမှာ အခက်အခဲတွေရှိနေသေးတာတွေကိုလည်း သတင်းသမားတွေက ထောက်ပြဆွေးနွေးခဲ့ကြတယ်လို့ ကိုကျော်စွာမင်းကပြောပါတယ်။

“အခုဖြစ်နေတဲ့ ရခိုင်ဒေသကို သတင်းသမားတွေသွားချင်တယ်၊ သူတို့ကို လုံခြုံရေးတွေကို ပိုမိုထိရောက်စွာပေးသင့်တယ် ။ နောက်တခါ တက်နိုင်သမျှ များများပေါ့နော် ပိုပြီးတော့ သူတို့နောက်ကနေ ထက်ကြပ်မကွာ လုံခြုံရေးကို ပေးပြီးတော့ ကြိုက်တဲ့နေရာကို သတင်းသွားယူစေချင်တယ်။ အဲဒါကိုလည်း ကျနော်တို့ တိုက်တိုက်တွန်းတွန်းပြောသွားတာရှိပါတယ်။ အခုဆိုရင်လည်း မကြာခင်သွားမယ်လို့ ကျနော်တို့ သတင်းကြားထားပါတယ်။ တချို့က ဒါကို သတင်းသွားယူတယ်လို့ မပြောပဲနဲ့ Delegation ထွက်တယ်ဆိုတာပဲ ပြောတာရှိတယ်။ တနေရာမှာ ရပ်ပေးတယ်၊ တနေရာမှာ သတင်းယူတယ်။ ယူပြီးတဲ့အခါ ပြန်တယ် အဲဒါ သတင်းယူတာမဟုတ်ဘူးပေါ့နော် သတင်းယူတဲ့ပုံစံမျိုးကတော့ သူတို့ သတင်းသမားတွေက ဒီနေရာအပြင်ပေါ့ ကျန်တဲ့နေရာမှာ ဒီ Evidence ရှိတဲ့နေရာမှာ witness တွေသူတို့က မေးမြန်းချင်တယ်။ ဒီလိုပုံစံမျိုးကို ဖန်တီးပေးရမှာ အခုလိုပုံစံမျိုး ဖန်တီးပေးတာက သတင်းသွားယူတဲ့ ပုံစံမျိုးမဟုတ်ပဲနဲ့ Delegation အဖွဲ့တွေ Delegate တွေ သွားလုပ်သလိုဖြစ်နေတယ် အဲဒါကိုတော့ ကျနော်တို့ ပုံစံပြောင်းဖို့ လိုအပ်နေတယ်ခင်ဗျ။”

ဒ့ါအပြင် အခုလက်ရှိမြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေအတွက် ဒေသတွင်း လုံခြုံရေးတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ က လုံခြုံရေးတာဝန်ယူပေးမှု အင်မတန်အားနည်းနေသေးတဲ့အတွက် စနစ်ကျတဲ့ လုံခြုံရေးအစီအမံတွေနဲ့ ဆောင်ရွက်ပေးဖို့ကိုလည်း သတင်းသမားတွေက တောင်းဆိုကြပါတယ်။

သတင်းစာဆရာတွေ ရင်ဆိုင်နေရတဲ့ လုံခြုံရေးပြသနာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာမီဒီယာရှေ့နေများကွန်ရက်ရယ် နိုင်ငံခြားသတင်းထောက်တွေနဲ့ သတင်းမီဒီယာသမားတွေ သတင်းအဖွဲ့တွေနဲ့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းရယ် ပေါင်းပြီး လက်ရှိသတင်းသမားတွေ ကြုံနေရတဲ့စိန်ခေါ်မှုတွေ အပေါ်ဆွေးနွေး သုံးသပ်ချက်တွေကိုလည်း သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်နယ် ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေကို တင်ပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG