သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း တင်းမာမှုလျှော့ချရေး EU တောင်းဆို


New Delhi မြို့တော်မှာ India ဝန်ကြီးချုပ် Narendra Modi နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claudeတို့ တွေ့ဆုံဆွေးနွေး။
( အောက်တိုဘာ -၆-၂၀၁၇)
New Delhi မြို့တော်မှာ India ဝန်ကြီးချုပ် Narendra Modi နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claudeတို့ တွေ့ဆုံဆွေးနွေး။ ( အောက်တိုဘာ -၆-၂၀၁၇)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တင်းမာမှုတွေလျှော့ချဖို့နဲ့ နိုင်ငံတကာ လိုက်နာရမယ့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ EU ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကတောင်းဆိုလိုက်ပါတယ်။ India နိုင်ငံ New Delhi မြို့တော်မှာ India ဝန်ကြီးချုပ် Narendra Modi နဲ့တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဥရောပကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံအခြေအနေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အခုလိုပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံအခြေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေပြဿနာကို ဆွေးနွေးဖြစ်ပါတယ်။ တင်းမာမှုအရှိန်လျှော့ချတာကို ကျွန်တော်တို့မြင်လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကလိုက်နာရမယ့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို အပြည့်အဝ ပြန်လိုက်နာစေချင်ပါတယ်။ လိုအပ်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီ အရောက်ပို့ပေးနိုင်ဖို့ အပြည့်အဝ ခွင့်ပြုစေချင်ပါတယ်"လို့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk က ပြောကြားခဲ့တာပါ။

၁၄ ကြိမ်မြောက် EU India ထိပ်သီးစည်းဝေးပွဲအတွက် ဥရောပကောင်စီဥက္ကဋ္ဌ Tusk နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker တို့ India နိုင်ငံမှာ ရောက်နေကြတာဖြစ်ပါတယ်။ India နိုင်ငံဖက်မှာလည်း ဟိုးအရင်နှစ်တွေထဲက ရောက်နေကြတဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီရှိပါတယ်။ သူတို့ဟာနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်တယ်လို့ဆိုပြီး ရိုဟင်ဂျာ ၄ သောင်းလောက်ကို နိုင်ငံထဲက နှင်ထုတ်ဖို့ India အစိုးရက ဆောင်ရွက်နေပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် သိက္ခာရှိစွာ ပြန်နိုင်ရမယ်လို့ Donald Tusk ကပြောပါတယ်။

ရိုဟင်ဂျာပြဿနာဇစ်မြစ်ကို ဖြေရှင်းနိုင်ဖို့အတွက် Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့လည်း သူကထပ်ပြီးတောင်းဆိုခဲ့ပါတယ်။ India နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ ကူညီရမယ့် ဝတ္တရားရှိတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ဆိုပြီး Bangladesh နိုင်ငံဖက်မှာ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေအလုံးအရင်းနဲ့ ရောက်နေကြပါတယ်။ အခြေအနေမကောင်းရင် ထွက်ပြေးချင်တဲ့ နောက်ထပ် ရိုဟင်ဂျာသိန်းနဲ့ချီရှိနေတဲ့အတွက် ရခိုင်ပြည်နယ်ဖက်က အခြေအနေကို အပြည့်အဝ လေ့လာခွင့်ပေးပါလို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mark Lowcock ကလည်း သောကြာနေ့က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG