သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်များ အပေါ် ဥရောပသမဂ္ဂသံအမတ်ကြီး သုံးသပ်


EU ဥရောပ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ Roland Kobia ကို VOA ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်မျိုးသက်က နှုတ်ဆက် တွေ့ဆုံ မေးမြန်း။
EU ဥရောပ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ Roland Kobia ကို VOA ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်မျိုးသက်က နှုတ်ဆက် တွေ့ဆုံ မေးမြန်း။

မြန်မာနဲ့ အီးယူ သံတမန်ရေး ကူးသန်းဆက်ဆံမှု အပြည့်အဝ စလုပ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အီးယူ ဥရောပ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ Roland Kobia ဟာ ဒီလကုန်မှာ သူ့ရဲ့ ၄ နှစ်တာ တာဝန်ချိန် ကုန်ဆုံး တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြန်လည် မထွက်ခွါခင် VOA ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်မျိုးသက်က နှုတ်ဆက် တွေ့ဆုံ မေးမြန်းချိန်မှာ သူ အခုလို တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ကိုယ်တိုင် မြင်တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလရဲ့ အနေအထားနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အခုလို စပြောပါတယ်။

EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း ချိန်မှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေဟာ ကြီးမား ကျယ်ပြန့်ပြီး နက်ရှိုင်း လှတဲ့ အတွက် ဖြေရှင်းဖို့ရာ သိပ်ကို ခက်ခဲတာ တွေ့ရပါတယ်။ ကျွန်တော် EU သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ၄ နှစ်တာ ကာလကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးကစပြီး ပြုပြင်ပြောင်းလဲဖို့ လုပ်နေတာဟာ အတော့်ကို ချီးကြူးဖို့ ကောင်းပါတယ်။ အတိတ်စာမျက်နှာကို လှန်ပစ်ပြီး နိုင်ငံသစ် ဖြစ်လာဖို့ ဖြေးဖြေး မှန်မှန် တည်ဆောက်နေတာ တွေ့ရပြီး ဒါဟာ တကယ့်ကို ကြီးမားတဲ့ လုပ်ရပ်ပါ။ ဒါကို ကျွန်တော်တို့ EU က ပံ့ပိုးပေးနေတာနဲ့ တချိန်ထဲမှာပဲ အချိန်နဲ့ အမျှ လုပ်ကိုင်ဆောင်ရွက်နေ တာတွေကို လေးစားမိပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်အတွင်း လုပ်ဆောင်ခဲ့တာတွေကိုပါ။ တကယ်တော့ အပြောင်းအလဲကာလမှာ လုပ်ကိုင်ဆောင်ရွက်တာတွေဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ သွားနေတဲ့ လမ်းကြောင်းကို ကြည့်ရင် အပြုသဘောဆောင်တဲ့ စတင်ဆောင်ရွက်မှုတွေကို မြင်သာပါတယ်။

တခုက မြန်မာနဲ့ EU ဟာ အခြေနေ အတော်တူပါတယ်။ EU ထဲမှာလည်း အကူးအပြောင်းကာလကို ဖြတ်သန်းနေရတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တု့ိဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် လေးစားမှုနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးကိုပဲ အမြဲလုပ်ဆောင်ပါတယ်။

VOA ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်မျိုးသက်။ ။ ကျမသတိထားမိတာ တခုပြောရရင် ရိုက်တား သတင်းဆောင်းပါးတခုထဲမှာ သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေကို ကိုးကားထားတာ တွေ့ရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ YBS အတွက် ဘတ်စ်စကား အစီး ၂၀၀၀ ဝယ်တဲ့ ကိစ္စ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ။ အခု မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ ပွင့်လင်း မြင်သာမှု ဆိုင်ရာ ပြဿနာ နဲ့ ပတ်သက်ပြီး ဒီတခုထဲကို ပြောတာတော့ မဟုတ်ပါဘူး။ သံအမတ်ကြီးက စီးပွါးကူးသန်း ဝန်ကြီး ဦးသန်းမြင့်ကို ပုဂ္ဂိုလ်ရေး အရ ပေးတဲ့ စာထဲမှာ လူထုအတွက် လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြင်သာ ထင်သာ မရှိတာကို ပြောထားတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး သိပါရစေ။

EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး။ ။ ဟုတ်ကဲ့ပါ။ ပထမဆုံး ပြောချင်တာက ဒီစာဟာ ခင်ဗျားပြောသလို ပုဂ္ဂိုလ်ရေးအရ ပေးတဲ့ စာပါ။ အီးယူ နိုင်ငံတွေအားလုံးရဲ့ သံအမတ်ကြီးတွေ နဲ့ အီးယူက မြန်မာနိုင်ငံရဲ့ စီးပွါးကူးသန်းဝန်ကြီးကို ပေးတဲ့ စာပါ။ ဒါဟာ ဝေဖန်အပစ်တင်တဲ့ စာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွါးရေးနဲ့ ကုန်သွယ်ရေး မူဝါဒ ဆိုင်ရာ တွေကို ချမှတ်ရာမှာ တိုးတက်လာစေဖို့ အီးယူက ဘယ်လို အကူညီမျိုးကို ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ ဝန်ကြီးနဲ့ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ခဲ့ကြတာပါ။ ဆွေးနွေးမှုတွေမှာ အီးယူက ပေးတဲ့ အကြံဉာဏ်တွေနဲ့ ပါတ်သက်ပြီး အတိအကျ ဖြစ်စေချင်လို့ စာနဲ့ ရေးပေးဖို့ ဝန်ကြီးကပန်ကြားခဲ့တာအတွက် အခုလို စာနဲ့ ရေးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီစာက ဝေဖန်တဲ့ စာမဟုတ်ပါဘူး။ အကြံပေးတဲ့ စာပါ။

ခင်ဗျားပြောသလို ဒီအထဲမှာ ပွင့်လင်း မြင်သာမှု ပါပါတယ်။ လူထုအတွက် လုပ်ကိုင်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဈေးပြိုင်စံနစ်နဲ့ လုပ်ဆောင်မှုတွေမှာ ထင်သာမြင်သာ ရှိဖို့ လိုပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံတကာ စံနဲ့ ညီဖို့ လိုပါတယ်။ ဒါတင်မကပါဘူး။ ပေးပို့တဲ့ စာထဲမှာ ကဏ္ဍ မျိုးစုံးပါဝင်ပါတယ်။ စက်မှုလုပ်ငန်းတွေ၊ အကောက်ခွန်ဌာနနဲ့ ဝင်ငွေခွန်ဌာန လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ အပြင် ဉာဏမူပိုင်ခွင့် ဆိုင်ရာ တွေ အထိပါပါတယ်။ တကယ်တော့ ထင်သာမြင်သာရှိမှုဆိုင်ရာ အခြေခံမူတွေ ကို တင်ပြထားတာပါ။ ဒီဘတ်စ်စကား ကိစ္စကို ဦးတည် ပြောတာ မပါပါဘူး။ အခြေခံမူကို ခြုံပြီးပြောထားတာပါ။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ ဥပဒေတွေ ချမှတ်နိုင်ဖို့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်တဲ့ အီးယူစံတွေကို ချပြတာ ဖြစ်ပါတယ်။

VOA ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်မျိုးသက်။ ။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ့ခေါင်းဆောင်တွေနဲ့ လူထုအတွက် အီးယူက ဘယ်လို အကြံဉာဏ်မျိုး ပေးချင်ပါသလဲ။

EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာတာ အကြံပေးဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ မြန်မာခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ လုပ်သင့်တဲ့ အိုင်ဒီယာတွေပေးပါတယ်။ ယူဖို့ လုပ်ဆောင်ဖို့ ဆိုတာ မြန်မာတွေ ကိုယ်တိုင် ဆုံးဖြတ်ကြမှာပါ။ တကယ်လို့ ကျွန်တော်တို့ လုပ်နည်း ကိုင်နည်းတွေကို အတုယူချင်တယ်၊ ကျွန်တော်တို့ ဆီက နည်းပညာတွေ တောင်းခံမယ် ဆိုရင်ပေးဖို့ အသင့်ပါ။

မြန်မာဟာ အီးယူနဲ့ အတော်တူပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေတဲ့ နိုင်ငံပါ။ ဒါကြောင့် အခုလို အသွင်မတူတဲ့ သူတွေ အတူနေနိုင်အောင် လုပ်ဆောင်နေတဲ့ အီးယူရဲ့ စံနမူနာကို ယူမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ တိုးတက်ဖွံ့ဖြိုးလာနိုင်တယ်လို့ ယုံကြည်ပါတယ်။

VOA ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်မျိုးသက်။ ။ အခုလက်ရှိ မြန်မာအစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ဘယ်လို မြင်ပါသလဲ

EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး။ ။ ဒါဟာ သိပ်ရှုပ်ထွေးတဲ့ လမ်းစဉ်ပါ။ နှစ်ပေါင်းများစွာ၊ နိုင်ငံပေါင်းများစွာမှာ လုပ်ကိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ လုပ်သက် တလျှောက်မှာ ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတော်များများကို ကြုံခဲ့ ပါဝင် ပတ်သက် ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ငန်းစဉ်ဟာ အရှုပ်ထွေးဆုံး ဆိုတာ တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့က အတော်များသလို သမိုင်းကြောင်းကလည်း အတော်ရှည်ပါတယ်။ နောက် အချက်အလက် အတော်များများကလည်း ရှုပ်ထွေးမှုတွေ ရှိနေတာ ကြောင့်ပါ။

ဒါကြောင့် အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေး အနေနဲ့ ဆက်ပြီး လုပ်နေတာ ကိုင်နေတာကို တွေ့ရတော့ အတော့်ကို ဝမ်းသာမိပါတယ်။ လက်ရှိအစိုးရက ဒါကို ပထမ ဦးစားပေး အနေနဲ့ လုပ်နေတာအတွက် အီးယူက ကြိုဆိုပါတယ်။ လိုအပ်တဲ့ အကူအညီ တွေကိုလည်း ဆက်ပေးနေမှာပါ။ အီးယူက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် နှစ်ပေါင်းများစွာ အားပေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG