သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေတွေကြောင့် ဆက်လက် ထွက်ပြေးလာနေကြတဲ့ ဒုက္ခသည်တွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

"ပဋိပက္ခတွေကြောင့် ထွက်ပြေးလာနေကြပြီး နေရပ်ရင်းမှာလည်း အခက်အခဲတွေ ကြုံနေကြရတဲ့ ဒုက္ခသည်တွေကို အရေးပေါ် လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းနေကြောင်းနဲ့ ထိလွယ်ရှလွယ် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် မိနစ်နဲ့အမျှ အရေးကြီးကြောင်း" ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရ Andrej Mahecic က ပြောဆိုလိုက်တာပါ။

တနင်္ဂနွေနေ့ကစလို့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ခန့်မှန်းချေ ၁ သောင်းကနေ တသောင်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရောက်လာခဲ့ကြပြီး ၀င်ခွင့်ရဖို့ စောင့်ဆိုင်းနေရကြောင်းလည်း မနေ့တုန်းကပဲ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး သွားလာစုဝေးနေတာတွေကို အဝေးထိန်း Drone နဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းတခုကိုလည်း UNHCR က ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို သြဂုတ်လ ၂၅ ရက်နေ့က ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လိုက်လံချေမှုန်းရာမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အင်အားအလွန်အကျွံသုံးတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုတွေက ဝေဖန်နေကြတာပါ။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International ကလည်း စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ်က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့ကြောင်း ဒီကနေ့ပဲ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ အကွက်ချဆောင်ရွက်ခဲ့တဲ့ အစီအစဉ်မှာ ကလေးတွေ၊ အမျိုးသမီး၊ အမျိုးသား ရာနဲ့ချီသတ်ဖြတ်ခံခဲ့ရသလို၊ မြေလှန်စနစ်နဲ့ ရှင်းလင်းမှုတွေ လုပ်ခဲ့ကြောင်း ထွက်ပြေးလာသူ ရိုဟင်ဂျာ ၁၂၀ ကျော်ကို မေးမြန်းပြုစုထားတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ တပ်ဖွဲ့ဝင်တွေ ဥပဒေ ချိုးဖောက်ခဲ့မှု ရှိမရှိ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG