မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ၅၂၈,၀၀၀ အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ပြောပါတယ်။ ဒီအထဲက ၆၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အဲဒီ ကလေးတွေဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ အခြေအနေတွေ၊ ကူးစက်လွယ်တဲ့ ရောဂါတွေရဲ့ ခြိမ်းခြောက်မှုတွေ ကြားမှာ နေထိုင်နေကြရတယ်လို့ ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ UNICEF ကပြောပါတယ်။ Lisa Schlein ဂျီနီဗာကနေ ပေးပို့ထားတဲ့ သတင်းလွှာကို ဦးစံမိုးေ၀ က တင်ပြပေးပါလိမ့်မယ်။
ကုလသမဂ္ဂ ကလေးများရံပုံငွေ အဖွဲ့ ရဲ့ ပြောခွင့်ရ အမျိုးသမီး Marixie Mercado ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မကြာခင်ကဘဲ ပြန်ရောက်လာတာပါ။ အဲဒီခရီးစဉ်အတွင်း တောင်စောင်းတွေမှာ ငှက်လှောင်အိမ်မျိုး ပြုတ်ကျလုဆဲဆဲ ဖြစ်နေတဲ့ နေအိမ်လေးတွေမှာ နေနေကြတာကို တွေ့ခဲ့ရပါတယ်။ ဒီလို ဖြစ်သလို ဆောက်ထားတဲ့ အိမ်လေးတွေဟာ ခနော်ခနဲ့ နိုင်လှပြီး မိုးတွေရွာ လေပြင်းတွေ တိုက်ခဲ့ရင် ပြိုကျသွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။
ကော့ဆက်ဘဇားမှာ ကလေးတွေဟာ ရွှွံ့ရေကန်တွေထဲက မသန့်ရှင်းတဲ့ ရေတွေ သောက်သုံးနေကြတာကို သူမ တွေ့ခဲ့ရပြီး ဒါဟာ ဝမ်းပျက်တဲ့ရောဂါ ဖြစ်ပွားမှာ အထူးစိုးရိမ်ရတဲ့ အခြေနေမျိုး ဖြစ်တယ်လို့ သူမက ပြောပါတယ်။ ဒီလအတွင်း သတင်းပတ် တပတ်ထဲ အတွင်းမှာပဲ နာမကျန်းဖြစ်မှု တသောင်းလောက် အဲဒီမှာ ဖြစ်ပွားခဲ့ပါတယ်။ ညစ်ညစ်ပတ်ပတ် နေထိုင်နေကြရတဲ့ အတွက် ကလေးတွေမှာ အရေပြားနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်နေကြတယ်လို့ သူမကပြောပါတယ်။ ဒုက္ခသည် အများစုဟာ ကလေးတွေ ဖြစ်ကြတယ်လို့ သူမက ပြောပါတယ်။
“ ဒုက္ခသည်တွေရဲ့၅၈ ရာခိုင်နှုန်းခန့်ဟာ ကလေးတွေပါ။ ကျမ အထင်တော့ ၃၃၇,၀၀၀ လောက်အထိရှိပါတယ်။”
သောင်းနဲ့ချီတဲ့ ကလေးတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု မရကြဘူးလို့ သူမက ပြောပါတယ်။ တသိန်းလောက်ရှိတဲ့ အသစ်ထပ်မံ ရောက်ရှိလာတဲ့ ဒုက္ခသည် ကလေးတွေဟာ အသက်အန္တရာယ်ရှိတဲ့ ကျောက်၊ ဝက်သက်၊ ပိုလီယို စတဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ ခုခံစွမ်းအား မရှိကြဘူးလို့လည်း ပြောပါတယ်။ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရေးက အရေးအကြီးဆုံး ဖြစ်တယ်လို့ မာကားဒိုးက VOA ကို ရှင်းပြပါတယ်။
“ အခုလက်ရှိအချိန်မှာ အသက်အန္တရာယ်မဖြစ်အောင် ဦးစားပေး ကာကွယ်စောင့်ရှောက်ပေးဖို့က အလွန် အရေးကြီးပါတယ်။ ကလေးတွေမှာ သန့်ရှင်းတဲ့ရေ ရရှိဖို့ လိုအပ်ပါတယ်။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရဖို့ လိုပါတယ်။ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးဖို့ လိုပါတယ်။ ကြီးကျယ်တဲ့ ရောဂါကူးစက်မှု တစုံတခု ဖြစ်လာခဲ့မယ်ဆိုရင် ကိုင်တွယ်ဆောင်ရွက်ဖို့ ကျမတို့ အားလုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ”
သူမဟာ ကြောက်မက်ဖွယ်ရာ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အတွေ့အကြုံတွေ ပြန်ပြောပြတာကို နားထောင်ခဲ့ရတယ်လို့ မာကာဒို က ပြောပါတယ်။ အဲဒီ အမျိုးသမီးတွေထဲမှာ ဆယ်ကျော်သက် အရွယ် ၂ ယောက်လည်း ပါဝင်ပါတယ်။
“ သူတွေတတွေဟာ ထိတ်လန့် တုန်လှုပ်နေကြတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ရဲ့ မိသားစုတွေ ပျောက်ဆုံးနေကြပြီး အထီးကျန် ကျန်ရစ်နေကြလို့ ဖြစ်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာကို စိုးရိမ်ထိတ်လန့် နေကြတာပါ။ သူတို့ကို အကာအကွယ် ပေးထားပေမယ့် သူတို့ကို စားသောက်ဖို့ ဖြည့်ဆည်း ပေးထားပေမယ့် လုံခြုံစိတ်ချစွာ အိပ်စက်ဖို့ နေရာ တနေရာအတွက် ထိတ်လန့်နေကြတာပါ။ တယောက်တည်း နေရမှာကို သူတို့ ကြောက်လန့်နေကြပါတယ်။ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။”
သူတို့ ထိတ်လန့်တုန်လှုပ် မယ်ဆိုလည်း ထိတ်လန့်လောက်ပါတယ်လို့ မာကာဒို က ပြောပါတယ်။ UNICEF အနေနဲ့ အရေးပေါ် ထောက်ပံ့ကူညီဖို့ လိုအပ်နေတဲ့ ဒေါ်လာ ၇၆ သန်းအနက် ၇ ရာခိုင်နှုန်းသာ ရရှိထားပါသေးတယ်။ ဒါဟာ ကလေးတွေကို နောက် ၆ လကျော် သာ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
ပိုက်ဆံမရှိရင် ရိုဟင်ဂျာ ကလေးတွေ သေဆုံးကြရလိမ့်မယ်လို့လည်း သူမက သတိပေးပါတယ်။ UNICEF အဖွဲ့အနေနဲ့ လူပေါင်း ၄ သောင်းအတွက် သန့်ရှင်းတဲ့ ရေ သယ်ပို့ပေးနေတာကို ရပ်ဆိုင်းလိုက်ပြီလို့ သူမကပြောပါတယ်။ သူမရဲ့ အဖွဲ့အစည်းအနေနဲ့ အိမ်သာတွေ လုံလောက်အောင် ဆောက်မပေးနိုင်ပါဘူး။ အဟာရဓါတ် လျော့နည်းပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ ကလေးငယ် တသောင်းခွဲကို အဟာရ ဓါတ်ပြည့်ဝတဲ့ အစားအစာတွေ မထောက်ပံ့နိုင်ဘဲ ဖြစ်နေတယ်လို့ UNICEF အဖွဲ့ရဲ့ ပြောခွင့်ရသူ မာကာဒိုး က ပြောပါတယ်။