သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဒီရက်ပိုင်းအတွင်း အသစ်ရောက်ရှိလာတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သူတို့ရဲ့ ရွာတွေ မီးရှို့ခံရတဲ့ အတွက်ကြောင့် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတာ ဖြစ်တယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး နယ်မြေရှင်းလင်းရေးတွေကို ရပ်ဆိုင်း ထားကြောင်း မြန်မာအစိုးရနဲ့တပ်မတော် ခေါင်းဆောင်တွေက အတိအလင်း ပြောကြားထားပေမယ့် စက်တင်ဘာလ အတွင်း အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း ၆၀ ကျော် ထပ်ပြီး မီးလောင်ခံရကြောင်း ဆက်သွယ်ရေး ဂြိုလ်တုက အသစ်ရိုက်ယူတဲ့ ဓါတ်ပုံတွေက ဖေါ် ပြနေတယ်လို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း မနေ့ အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းကို ၀င်ခွင့်ရဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က လယ်ကွင်းတွေမှာ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁၅,၀၀၀ ရှိနေပြီး သူတို့ရဲ့ အခြေအနေကို စိုးရိမ်မိကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်တွေရှိရာကို UNHCR ၀န်ထမ်းတွေ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း မနေ့ အင်္ဂါနေ့က ဂျီနီဗာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း UNHCR ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic ကအခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက သူတို့နေရပ်ရွာတွေကနေ ထွက်ခွာဖို့ ဒါမှမဟုတ် အသတ်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေ ထပ်ခါထပ်ခါ ရှိနေပေမယ့် အစပိုင်းမှာတော့ အများစုဟာ နေအိမ်ကနေ ထွက်မပြေးကြဘူးလို့ ဒုက္ခသည်တွေက ပြောပြကြပါတယ်။ နောက်ဆုံး သူတို့ရွာတွေကို မီးရှို့တဲ့အခါကျမှ ထွက်ပြေးခဲ့ကြတာပါ။ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို မနေ့က စပြီး UNHCR ၀န်ထမ်းတွေကနေ တွေ့ဆုံမေးမြန်းရာမှာ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရောက်ဖို့ နေပူ မိုးရွာ မရှောင် သတင်းတပတ် ဒါမှမဟုတ် တပတ်ထက် ပိုပြီးလမ်းလျောက်လာခဲ့ကြတယ်လို့ ပြောပြခဲ့ကြပါတယ်။ တချို့ကတော့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာပြီး တချို့ကတော့ တနင်္လာနေ့မှာ ရောက်လာကြသူတွေဖြစ်ပါတယ်။”

တနင်္ဂနွေနေ့ ညပိုင်းကတည်းက ဒုက္ခသည်ပေါင်း ခန့်မှန်းချေ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ထိဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နယ်စပ်က Anjuman Para ရွာကို ရောက်ရှိလာကြပြီး အင်္ဂါနေ့ မနက်ပိုင်းအထိ ထပ်မံရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ သွားခွင့်ရဖို့ လယ်ကွင်းတွေထဲမှာ စောင့်ဆိုင်းနေကြကြောင်း Andrej Mahecic ကပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ Anjuman Para အန်ဂျူမန် ပါရာ ရွာမှာ ဒုက္ခသည်တွေဟာ ဒီနေ့ မနက်အချိန်ထိ ထိုင်ပြီး စောင့်ဆိုင်းနေကြပါတယ်။ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ထဲဝင်လာဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်နေကြတာပါ။ မြန်မာဘက်အခြမ်း မှာတော့ သေနတ်ပစ်ခတ်သံတွေ ညတိုင်းလို ကြားနေရပါတယ်။”

မြန်မာ အာဏာပိုင်တွေဘက်ကတော့ အစုလိုက် အပြုံလိုက် ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်မပြေးကြဖို့နဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံပေးမှာဖြစ်ကြောင်း ကမ်းလှမ်းပြောဆိုပေမယ့် ဒုက္ခသည်တွေက လက်မခံကြဘူးလို့ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင် ကျီးကန်းပြင်မှာ ရှိတဲ့ ဌာနချုပ် အမှတ်(၁) နယ်ခြားစောင့်တပ်ဖွဲ့က ဒုရဲမှူးကြီးစိုးမြင့်ဦး က ဗွီအိုအေကို ပြောပါတယ်။

“သူတို့စိတ်ထဲမှာ ကျနော့် အမြင် ပြောရရင်တော့ အကြောက်တရားတွေက လွှမ်းမိုးနေတယ်လို့ ထင်ပါတယ်ခင်ဗျ။ ဒါကြောင့် ဟိုဘက်ကို သွားရင်သာ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ သူတို့လုံခြုံမှုအတွက် စိတ်ချပြီဆိုတဲ့ အနေအထားမျိုးနဲ့ တဖက်က တွေးနိုင်သလို တဖက်ကလည်း လှမ်းပြီးတော့မှ ခြိမ်းခြောက်ပြီး မင်းတို့ဒီမှာနေလို့ရှိရင်တော့ မင်းတို့ကိုရန်ပြုမှာပဲ။ မင်းတို့အသက်အန္တရာယ်လည်း မင်းတို့ တနေ့မဟုတ်တနေ့ မင်းတို့သေမှာပဲ။ အဲလိုမှ မဟုတ်ဘူးဆိုရင် ငါတို့က မင်းတို့ကိုလာပြီးတော့ မင်းတို့ဆွေမျိုးမိသားစုကို ငါတို့ကိုယ်တိုင်လာပြီး သတ်ဖြတ်မှာပဲ ဆိုတဲ့ ဒီလိုဆက်သွယ်မှုတွေနဲ့ အကြောက်တရားတွေကို ရိုက်သွင်းပြီး လုပ်ဆောင်နေတယ်လို့ ကျနော့်အနေနဲ့တော့ သုံးသပ်မိပါတယ်။”

ဒီအတောအတွင်း Satellite ဆက်သွယ်ရေးဂြိုလ်တုကနေ အသစ် ရိုက်ယူထားတဲ့ ဓါတ်ပုံတွေအရ သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွာလုံးကျွတ် ဒါမှမဟုတ် တစိတ်တပိုင်း မီးရှို့ခံရတဲ့ ရွာပေါင်း အနည်းဆုံး ၂၈၈ ရွာ ရှိနေကြောင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက မနေ့ အင်္ဂါနေ့က သတင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပုံတွေအရ နယ်မြေရှင်းလင်းရေး ရပ်ဆိုင်းခဲ့တယ်ဆိုတဲ့ စက်တင်ဘာလ (၅)ရက်နေ့ နောက်ပိုင်းမှာ ရွာပေါင်း ၆၀ ကျော် ထပ်ပြီး မီးလောင်ခံထားရတာကို တွေ့ရှိခဲ့ရကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“အရေးကြီးဆုံး အပိုင်းက ရွာတွေ မီးမလောင်ခင်က ဓါတ်ပုံတွေနဲ့ မီးလောင်ကျွမ်းပြီးနောက် ပုံတွေကနေ မြန်မာစစ်တပ်က သူတို့ရဲ့ နယ်မြေရှင်းလင်းရေးကို ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့နေ့ နောက်ပိုင်းမှာ ထပ်ပြီး မီးလောင်ခံရတယ် ဆိုတာကို ပြနေပါတယ်။ စက်တင်ဘာလ (၅)ရက်နေ့ကတည်းက မီးရှို့ခံရတဲ့ ရွာပေါင်းအနည်းဆုံး ၆၆ ရွာလောက် ရှိနေတယ်ဆိုတာကို ပြနေပါတယ်။ အဲဒီရက်စွဲကလည်း လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးကို ရပ်ဆိုင်းခဲ့တဲ့ရက် ဖြစ်တယ်လို့ အစိုးရကိုယ်တိုင် ပြောထားတာပါ။နောက်ပြီး စက်တင်ဘာလ (၁၉)ရက်နေ့က ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာလည်း နယ်မြေရှင်းလင်းရေးကို စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ရပ်ဆိုင်းခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ရွာပေါင်း ၆၆ ရွာ အနည်းဆုံးထပ်ပြီး မီးလောင်ခံရကြောင်း ဒီဂြိုလ်တုကရိုက်တဲ့ ဓါတ်ပုံတွေက ပြနေပါတယ်။”

HRW သတင်းထုတ်ပြန်ချက်မှာလည်း ဆက်သွယ်ရေးဂြိုလ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံအသစ်တွေမှာ မီးလောင်ထားတဲ့ ရိုဟင်ဂျာရွာတွေနားက အကောင်းပဂတိ အတိုင်းရှိနေတဲ့ ရခိုင်တိုင်းရင်းသားရွာတွေကို အတိအကျ မြင်ရကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် ရိုဟင်ဂျာရွာတွေကို ပစ်မှတ်ထား မီးရှို့ဖျက်စီးခဲ့တာ ထင်ရှားကြောင်း Brad Adams ကဆိုပါတယ်။

“ဆက်သွယ်ရေးဂြိုလ်တုကနေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေကနေ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ ပြနေပါတယ်။ ဘယ်သူတွေ လုပ်သလဲဆိုတာကိုတော့ ကျနော်တို့ မသိရပါဘူး။ ဒါပေမယ့် ကျနော်တို့ မြင်ရတာက ရိုဟင်ဂျာရွာတွေပဲ ပစ်မှတ်ထားပြီး မီးရှို့ခံရတာဖြစ်ပါတယ်။ ဒါက ဘာကိုရှင်းရှင်းလင်းလင်း ပြနေလဲဆိုရင် တစုံတယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဒီရွာတွေကို မီးရှို့ခဲ့တယ်ဆိုတာပါ။”

ARSA ခေါ် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ကနေ သြဂုတ်လ ၂၅ ရက်နေ့ကရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးစခန်း ၃၀ ကို အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေးတပ်တွေ ဘက်က ပြန်လည် နှိမ်နင်းတဲ့အနေနဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက် ခန့်မှန်းခြေ ၅၈၂,၀၀၀ ရှိနေကြောင်း ကုလသမဂ္ဂရဲ့ နောက်ဆုံး သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG