သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို အရေးယူသင့်-မယူသင့်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် အရေးယူဖို့ အမေရိကန် လွှတ်တော် အမတ်တွေက အစိုးရကို အရှိန်မြင့် တောင်းဆိုလာနေကြပါတယ်။ အဲဒီလို အရေးယူခဲ့မယ်ဆိုရင် တကယ် ထိရောက်မှု ရှိနိုင်သလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံနဲ့ ဖိအားပေးသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ သဘောထားတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် ပါတီကြီး ၂ ခုစလုံးက လွှတ်တော်အမတ် ၄၃ ဦးက တိုက်တွန်းလိုက်ကြောင်း Reuter သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် တားမြစ်တာလို ဒဏ်ခတ်မှုမျိုးတွေ ပြန်လည်ကျင့်သုံးဖို့ နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကို တောင်းဆိုထားကြောင်းလည်း ဖော်ပြထားပါတယ်။

Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ဂုဏ်ထူးဆောင် ပါမောက္ခ David Steinburg ကတော့ ပိတ်ဆို့ အရေးယူမှုတွေဟာ များသောအားဖြင့် အလုပ်မဖြစ်လှဘူးလို့ သုံးသပ်ပါတယ်။

“ပိတ်ဆို့အရေးယူမှုတွေ အလုပ်ဖြစ်တယ်ဆိုတာ ရှားပါတယ်။ ဒါက ကျနော့်အမြင်ပါ။ ပိတ်ဆို့ အရေးယူတယ်ဆိုတာဟာ ဖြစ်သွားခဲ့တဲ့ မကောင်းတဲ့ကိစ္စရပ် တခုအပေါ်မှာ စိတ်ခံစားမှုနဲ့ ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် သံသယ ဖြစ်စရာ မလိုပါဘူး။ တကယ်လို့ ပိတ်ဆို့မှုတွေသာ ချမှတ်ခဲ့မယ်ဆိုရင် စစ်တပ်ကလည်း အဲဒီ လုပ်ရပ်ကို ဆန့်ကျင်ပြီး ရပ်တည်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ် အရေးကြီးတဲ့ကိစ္စရပ်ဖြစ်ပါတယ်။”

ဒီကိစ္စမှာ ပိတ်ဆို့မှုတွေ ချမှတ်မယ့်အစား မြန်မာစစ်တပ်ကို တိတ်တဆိတ် စည်းရုံး ပြောဆိုတဲ့နည်းကို ကျင့်သုံးသင့်တယ်လို့လဲ ပါမောက္ခ Steinburg က ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ပိတ်ဆို့မှုတွေ ချမှတ်မယ့်အစား တိတ်တဆိတ် ဖိအားပေးတာမျိုး လုပ်သင့်တယ်လို့ ထင်ပါတယ်။ စစ်တပ်ကို အထီးကျန်သွားအောင် လုပ်ဆောင်မယ့်အစား သူတို့မှားနေပါတယ်ဆိုတာကို နားလည် သဘောပေါက်လာအောင် ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်သင့်ပါတယ်။ အရင်ကလို စစ်ရေးအရ ဆက်ဆံမှုတွေ ဖြတ်တောက်တဲ့နည်းက ထိရောက်မှု မရှိပါဘူး။ ဒီကိစ္စဟာ အင်မတန် ခက်ခဲ ရှုပ်ထွေးနဲ့ကိစ္စပါ။ အလွယ်တကူ အဖြေထွက်နိုင်တဲ့ကိစ္စ မဟုတ်တာကြောင့် လူတွေက ဒီကိစ္စကို သိပ် မပြောချင်ကြပါဘူး။”

နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ တာဝန်ခံ Brad Adams ကတော့ ဒီကိစ္စမှာ တာဝန်ရှိတဲ့ စစ်တပ်ကိုသာ အရေးယူသင့်ကြောင်း ပြောပါတယ်။

“ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးပြုန်း သုတ်သင် ရှင်းလင်းမှုအတွက်ရော၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက်ရော စစ်တပ်မှာသာ တာဝန်ရှိပါတယ်။ အရပ်သားတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ပိတ်ဆို့အရေးယူမှုတွေကို စစ်တပ်ကိုသာ ပစ်မှတ်ထား လုပ်ဆောင် သင့်ပါတယ်။ စစ်တပ်အတွင်း တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ် အရေးယူနိုင်ရေး၊ တာဝန်ခံမှု တာဝန်ယူမှု ရှိလာရေး၊ သူတို့ရဲ့ ပိုင်ဆိုင် မှုတွေကို ထိန်းချုပ်ရေး၊ ခရီးသွားလာခွင့် ပိတ်ပင်ရေး၊ မြန်မာစစ်တပ်နဲ့ နိုင်ငံခြားတိုင်းပြည်တွေက စစ်တပ်တွေအကြား ဆက်ဆံရေး ဖြတ်တောက်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ တခြား နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ရဲ့ ဆောင်ရွက်မှုတွေကို ကျနော်တို့အနေနဲ့ အပြည့်အ၀ ထောက်ခံသင့်ပါတယ်။”

ဒါပေမယ့် ပိတ်ဆို့မှုတွေ ချပြီးသွားရင် ပြန်ရုပ်သိမ်းဖို့ ခက်ခဲတယ်ဆိုတဲ့ အချက်ကို သတိချပ်ဖို့လိုတယ်လို့ ပါမောက္ခ Steinburg က ထောက်ပြပါတယ်။

“ပိတ်ဆို့မှုတွေ ချပြီးသွားရင်တော့ ပြန်ရုပ်သိမ်းဖို့ အင်မတန် ခက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိတ်ဆို့မှုတွေကို ဘယ်လို အခြေအနေမျိုးအောက်မှာ ပြန်ရုပ်သိမ်းမှာလည်း။ စစ်တပ်အပေါ် အမေရိကန်လွှတ်တော်က ပိတ်ဆို့မှု ချမှတ်လိုက်ရင် ဘယ်အခြေအနေမျိုးမှာ ရုပ်သိမ်းပေးမှာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ စံနစ်နဲ့ မကိုက်ညီတဲ့ လုပ်ဆောင်မှုတွေ စသဖြင့် ရိုဟင်ဂျာ အရေးတခုထဲမဟုတ်ဘဲ တခြား အကြောင်းတခုခုအတွက် သူတို့အနေနဲ့ စောဒကတက်စရာ ရှိနေမှာဖြစ်သလို၊ တခုခုတော့ မှားနေဦးမှာပါဘဲ။”

စစ်တပ်အပေါ် ပိတ်ဆို့ အရေးယူခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်လိမ့်မယ်မဟုတ်ကြောင်း HRW က Brad Adams က ပြောပါတယ်။

“မြန်မာ စစ်တပ်အပေါ် နိုင်ငံခြားတိုင်းပြည်တခုက ပိတ်ဆို့ အရေးယူမှု ချမှတ်တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်မယ်လို့ ကျနော် မမြင်ပါဘူး။ ဒါဟာ မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ ပြုမူ၊ လုပ်ကိုင်ပုံတွေကို ပြောင်းပစ်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းက တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက် တင်မြောက်ခံထားရတဲ့ အရပ်သားအစိုးရနဲ့ စစ်တပ်အကြားက အားပြိုင်မှု မဟုတ်ပါဘူး။ ဒါကြောင့် ပြုပြင် ပြောင်းလဲမှုတွေကို ထိခိုက်မယ်လို့ ကျနော်မမြင်ပါဘူး။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ရိုဟင်ဂျာ အရေးအတွက် မြန်မာစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ဝါရှင်တန် ဒီစီမြို့မှာ ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေကလည်း မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီမှာ အောက်တိုဘာလ ၁၆ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG