သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အကူအညီပေးဖို့ မြန်မာလုပ်ငန်းရှင်တွေ ဒေါ်လာ ၁၃သန်းကျော်ထည့်ဝင်


စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ လှူဒါန်းငွေကို နိုင်ငံတော် အတိုင်ပင်ခံ လက်ခံ။ (အောက်တိုဘာ ၂၀-၂၀၁၇)
စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ လှူဒါန်းငွေကို နိုင်ငံတော် အတိုင်ပင်ခံ လက်ခံ။ (အောက်တိုဘာ ၂၀-၂၀၁၇)

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို စုစုပေါင်း ငွေကျပ် သိန်းပေါင်း (၁၇၇,၀၀၀) အမေရိကန် ဒေါ်လာ ၁၃ သန်းခွဲ လှုဒါန်းလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD အတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီး ၂၄ ဦး၊ စီးပွားရေး အသင်းအဖွဲ့ ၂ ခုတို့က လှုဒါန်းတာ ဖြစ်ပါတယ်။

သိန်းပေါင်း ထောင် သောင်းချီ လှုဒါန်းခဲ့ကြတဲ့ စီးပွားရေး သမားကြီးတွေနဲ့ လုပ်ငန်းစုကြီးတွေထဲမှာတော့ ဆယ်စုနှစ်တွေ အတွင်း ထင်ရှားလာခဲ့တဲ့ ဦးအောင်ကိုဝင်း၊ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးမောင်ဝိတ်၊ ဦးချစ်ခိုင်၊ ဦးထွန်းမြင့်နိုင်၊ ဦးဌေးမြင့်၊ ဦးခင်ရွှေ တို့လို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးမှာ စီးပွားရေး ပုံမှန်ပြန်ဖြစ်ရေးကလည်း လိုအပ်ချက် တခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလှုငွေ လက်ခံတဲ့ အခမ်းအနားမှာ ပြောဆိုပြီး ရခိုင်ပြည်နယ်တွင်း ဒေသအလိုက် အကူအညီပေးရေး လုပ်ငန်းတွေမှာ လုပ်ငန်းရှင်တွေ အနေနဲ့ အပြုသဘော ပြိုင်ဆိုင်မှုတွေကို အားပေးသွားမယ်လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးမှာ လူမှုရေးအရ လိုအပ်ချက်တွေ ရှိသလို နိုင်ငံရေး အရ ပြုပြင်သွားဖို့လည်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် အများစု မူဆလင် တွေဖြစ်ကြတဲ့ လူပေါင်း ၆ သိန်းနီးပါး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေး၊ ဒေသတွင်းက ရွာပေါင်း ရာနဲ့ချီ မီးလောင် ပျက်စီးခဲ့ရပြီးနောက် ကုလ အပါအဝင် နိုင်ငံတကာရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ အနေနဲ့ ဝေဖန်မှုတွေကို လက်တွေ့ လုပ်ရပ်တွေနဲ့ တုံ့ပြန်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပြီး ရခိုင်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် ပြည်တွင်း ပြည်ပ အလှုရှင်တွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG