သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆောင်ရွက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို


အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးAH Mahmood Ali (India in Bangladesh)
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးAH Mahmood Ali (India in Bangladesh)

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်ရင်းကို ဒုက္ခသည်တွေ ပြန်နိုင်ရေး နည်းလမ်းကသာ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို သိန်းနဲ့ချီရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စက်တင်ဘာလကတည်းက လူသားချင်းစာနာမှုအကူအညီတွေကို အရေးပေါ်အစီအစဉ်တခုအနေနဲ့ အိန္ဒိယအစိုးရက ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ဟာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးAH Mahmood Ali နဲ့ နှစ်နိုင်ငံရေးရာ ဆွေးနွေးပွဲအတွင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ သဘောထားကို သူ့မိန်းခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

"မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေကို အိန္ဒိယအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ နဲ့ ဒေသခံတွေရဲ့ လူမှုဘဝဖူလုံရေးကို ထည့်သွင်းစဉ်းစားဖို့ အိန္ဒိယအစိုးရက တိုက်တွန်းထားပြီးပါပြီ။"

ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးနည်းလမ်းကသာ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကြီးကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်ကို ဒုက္ခသည်တွေ ပြန်နိုင်မှသာ အခြေအနေတွေဟာ နဂိုပုံမှန်အတိုင်း ပြန်ရောက်ရှိမှာ ဖြစ်ပါတယ်။ ကျမတို့အမြင်မှာလည်း ရခိုင်ပြည်နယ်က အခြေအနေကို ရေရှည်ဖြေရှင်းရာမှာ လူမှုစီးပွားရေးနဲ့ အခြေခံအဆောက်အအုံ အလျှင်အမြန်တိုးတက်မှုကသာ အဲဒီမှာ နေထိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိူးသက်ရောက်မှုတွေရှိစေမှာဖြစ်ပါတယ်။"

အိန္ဒိယ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် နည်းပညာနဲ့ ငွေကြေး အကူအညီတွေ ပံ့ပိုးပေးနေတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖေါ်မှုကို အိန္ဒိယအစိုးရက ထောက်ခံအားပေးကြောင်း Sushma Swaraj က ပြောဆိုခဲ့တဲ့အပြင် သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထူးအစီအစဉ်ချမှတ်ပြီး ပံံ့ပိုးပေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

"ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ သိန်းနဲ့ချီ ဒုက္ခသည်တွေအတွက် Cox’s Bazaar မှာ ခိုလှုံဖို့ အမိုးအကာတွေတည်ဆောက်ပေးရေး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့နိုင်ဖို့ စက်တင်ဘာလမှာ အိန္ဒိယအစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အထူးအစီအစဉ်ချမှတ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစီစဉ်ကနေ ရိုဟင်ဂျာဒုက္ခသည် ၃၀၀,၀၀၀ အတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ သကြား၊ လက်ဖက်ရည်ထုတ်၊ နို့မုန့်၊ ဆပ်ပြာနဲ့ ခြင်ထောင်တွေကို ဒေသဆိုင်ရာ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကတဆင့် လှူဒါန်းခဲ့ပါတယ်။"

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ကလည်း သူတို့အပေါ် ဝန်ထုတ်ဝန်ပိုးအဖြစ် ကျရောက်လာတဲ့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အိန္ဒိယအနေနဲ့ ဝိုင်းဝန်း ဖိအားပေးဖို့ နှစ်နိုင်ငံရေး ဆွေးနွေးပွဲမှာအခု လို တိုက်တွန်းခဲ့ပါတယ်။

"ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမယ့်အကြောင်း အိန္ဒိယ နိုင်ငံဘက်က ထပ်လောင်း ပြောဆိုမှုအတွက် ကျနော်တို့ ဝမ်းသာမိပါတယ်။ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေထောက်ပံံ့ပေးတာကိုလည်း ဘင်္ဂလားဒေ့ရှ်က ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ် ကျနော်တို့ အိန္ဒိယအစိုးရကို တိုက်တွန်းချင်တာက ရိုဟင်ဂျာဒုက္ခသည်အားလုံး သူတို့နေရပ်ရင်းကို လုံလုံခြုံခြုံ ပြန်နိုင်ရေးအပါအဝင် ရိုဟင်ဂျာအရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ မြန်မာအစိုးရကို ဖိအားပေးဖို့ဖြစ်ပါတယ်။"

သူ့ခရီးစဉ်အတွင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swara ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒါအပြင် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မနှစ်ကသွားရောက်ခဲ့တဲ့ အိန္ဒိယချစ်ကြည်ရေးခရီးစဉ် ရလဒ်ကို အကောင်အထည်ဖေါ်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG