သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အဆုံးသတ်ရေး ကုလနဲ့အီးယူ ကြိုးပမ်း


ပြင်သစ်သမ္မတ Emmanuel Macron နဲ့ UNHCR အကြီးအကဲ Filippo Grandi တို့ Elysee နန်းတော်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ UNHCR အကြီးအကဲ Filippo Grandi တို့ Elysee နန်းတော်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။

ရခိုင်ပြည်နယ် ပဋိပက္ခ အဆုံးသတ်ရေးအတွက် မြန်မာအစိုးရကို ဆက်လက် ဖိအားပေးရေးဟာ အင်မတန် အရေးပါကြောင်း HNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အောက်တိုဘာလ ၉ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်ရှိစဉ် ပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာဘဲ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ဆက်လက် ဖိအားပေး လုပ်ဆောင်တဲ့ အနေနဲ့ အီးယူအနေနဲ့ ထိပ်တန်း မြန်မာ စစ်အရာရှိတွေအပေါ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင် နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က Elysee နန်းတော်မှာ အောက်တိုဘာလ ၉ ရက်နေ့က သမ္မတ Emmanuel Macron နဲ့ တွေ့ဆုံအပြီး ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဆက်လက် ဖိအားပေးမှုတွေ လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“မြန်မာအစိုးရအပေါ် အခုလို နိုင်ငံရေးအရ ဖိအားပေးမှုတွေ ဆက်လက် ပြုလုပ်နေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါမှလည်း ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်တန့်သွားမှာ ဖြစ်သလို၊ ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေးလည်း အဆင်ပြေမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အခြေခံကျတဲ့ လေ့လာမှုနဲ့ဆိုင်တဲ့ မေးခွန်းကို ဖြေဆိုနိုင်ရေးနဲ့ အဆုံးသတ်မှာတော့ လူတွေ ယုံကြည်မှုရှိတဲ့ ဒီလူတွေ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်တွေကို စတင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြောချင်တာက ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်တာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။”

တနင်္လာနေ့က မစ္စတာ Grandi နဲ့ ပြုလုပ်တဲ့ ဒုက္ခသည်တွေအရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုအတွင်း လာမယ့် သီတင်းပတ် အနည်းငယ် အတွင်း Chad နဲ့ နိုင်ဂျာ စတဲ့ အာဖရိကနိုင်ငံတွေက ဒုက္ခသည်တွေကို ပြင်သစ်နိုင်ငံက စတင် လက်ခံသွားမှာ ဖြစ်ကြောင်း သမ္မတ Macron က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဒုက္ခသည်တွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်းလည်း သမ္မ Macron က ပြောကြားခဲ့ပါတယ်။

“ဒုက္ခသည်တွေကို အကူအညီပေးရေး ဆိုတဲ့နေရာမှာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ နိုင်ငံတွေအတွက် UNHCR ကတဆင့် ဘဏ္ဍာရေးအရ ပထမအဆင့်အနေနဲ့ အကူအညီပေးပါမယ်။ UNHCR နဲ့ IOM နိုင်ငံတကာ ရွေ့ပြောင်း အခြေချ နေထိုင်သူများ အကူအညီပေးရေး အဖွဲ့တွေကို ကျနော်တို့က ယူရို ၁၀ သန်း ထောက်ပံ့ပေးမယ်ဆိုတာ ကျနော် ဒီနေရာမှာ ပြောပါရစေ။”

ဒုက္ခသည်တွေကို ဥရောပတိုက်အတွင်း ရွေ့ပြောင်း အခြေချ နေထိုင်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်း မစ္စတာ Grandi ကလည်း သမ္မတ Macron ကို သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြန်လည် ပြောကြားခဲ့ပါတယ်။

ချိန်ထဲမှာဘဲ - မြန်မာနိုင်ငံ အနောက်ခြမ်းက မွတ်ဆလင်ဒုက္ခသည်တွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုအကူအညီတွေ ခွင့်ပြုဖို့နဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့ဆိုပြီး အီးယူ ဥရောပသမဂ္ဂက ထပ်မံ တိုက်တွန်း ထားပါတယ်။

အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲရဲ့ ပြောခွင့်ရသူ Catherine Ray ကတော့ မြန်မာနဲ့ပတ်သက်လို့ အရေးယူမှုတွေကို ဥရောပသမဂ္ဂအနေနဲ့ မပြတ် ဆန်းစစ် အကဲဖြတ်နေတယ်လို့ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

“လူသားချင်းစာနာမှု အထောက်အပံ့တွေ အပြည့်အ၀ ကူညီခွင့်ရဖို့၊ အကြမ်းဖက်မှု တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ရခိုင် အကြံပေးကော်မရှင်က အဆိုပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ရှိတာတွေကြောင့်၊ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားတာရှိပြီး ၂၀၁၈ ခုနှစ် ဧပြီလအထိ အသက် ဝင်နေပါဦးမယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားလုံးကို မပြတ် ဆန်းစစ်နေပါတယ်။”

အောက်တိုဘာ ၁၆ ရက်နေ့မှာ ဥရောပကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်အးဝေးတရပ်ကို ကျင်းပဖို့ ရှိနေပြီး၊ အဲဒီအစည်းအဝေးမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ဆွေးနွေးဖွယ် ရှိနေပါတယ်။

ရခိုင်မြောက်ပိုင်းက မွတ်ဆလင်ကျေးရွာတွေကို အစိုးရက ကိုင်တွယ်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ပါ မြန်မာနိုင်ငံကို ပစ်မှတ်ထား အရေးယူမှုတွေ ပြန်လုပ်ဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပ သမဂ္ဂတွေကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ကတည်းက အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကအရင် စစ်အစိုးရလက်ထက်က အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည် ဖြေလျော့ပေးခဲ့တာ ဖြစ်ပါတယ်။

အလားတူဘဲ အောက်တိုဘာလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အီးယူ-အိန္ဒိယ နှစ်ပတ်လည် ထိပ်သီးစည်းဝေးပွဲအတွင်း - ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ် ပူပန်ကြောင်း၊ အဲဒီ အကြမ်းဖက်မှုတွေကို ARSA အဖွဲ့က စတင် ပြုလုပ်ခဲ့တယ်ဆိုတာကို အီးယူရော၊ အိန္ဒိယဘက်ကပါ အသိအမှတ်ပြုကြောင်း၊ ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အခြေအနေတွေ ပုံမှန် ပြန်လည် ဖြစ်ပေါ်အောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ ကိုဖီ အာနန်း ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ တင်ပြချက်တွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ အကောင်အထည်ဖော်ဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလာဒေ့ရှ် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

အီးယူ-အိန္ဒိယ ထိပ်သီးစည်းဝေးပွဲကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး အီးယူဘက်က ဥရောပ ကောင်စီဥက္ကဋ္ဌ Donald Tusk နဲ့ ဥရောပ ကော်မရှင် အကြီးအကဲ Jean Claude Juncker တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင် နိုင်ခဲ့တဲ့အတွက် မနှစ်က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မီတီမှာ ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အီးယူက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချတဲ့ အဆိုမတင်သွင်းခဲ့ပါဘူး။ တတိယ ကော်မီတီဟာ လူ့အခွင့်အရေး ကိစ္စတွေကို အဓိကထား ဆောင်ရွက်တဲ့ ကော်မီတီ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပြစ်တင် ဝေဖန်တဲ့ အဆိုတင်သွင်းဖို့ အီးယူက အလားအလာ ရှိတဲ့အကြောင်း ကုလသမဂ္ဂကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG