သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အနီးကပ်စောင့်ကြည့်နေ


Kutupalong ဒုက္ခသည်စခန်းမှာ ရိက္ခာတန်းစီနေသူများ (Sept. 19, 2017)
Kutupalong ဒုက္ခသည်စခန်းမှာ ရိက္ခာတန်းစီနေသူများ (Sept. 19, 2017)

ဘင်္ဂလားဒေ့ရှ်ဘက်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အနီးကပ် စောင့်ကြည့်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက သီးသန့် စခန်းတခုဖွင့်လှစ် ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။ ဒုက္ခသည်တွေကို အဲဒီလို သီးသန့် စခန်းဖွင့်လှစ် ထိန်းသိမ်းထားခြင်း အားဖြင့် သူတို့အတွက် အကူအညီတွေကိုလည်း အလျှင်အမြန် ဖြန့်ဖြူးပေးနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဌာက ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazaar ဒေသမှာ ယာယီစခန်းတွေ ဆောက်ပြီး ပြန့်နှံ့စွာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ငါးသိန်းနီးပါးကို စံနစ်တကျ ထိန်းချုပ်နိုင်ရေးအတွက် တနေရာထဲမှာ စုပြီး စခန်းဖွင့်ပေးထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်နေပါတယ်။

အခုတည်ဆောက်ပေးမယ့် စခန်းအသစ်ကို Kutupalong စခန်း (၂) လို့ ခေါ်ဆိုမှာဖြစ်ပြီး Cox’s Bazaar ကနေ Kutupalong ကိုသွားတဲ့ အဓိက လမ်းမကြီးဘေးကနေ သူတို့ကို ဖယ်ရှားလိုက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် အကူအညီတွေကို ဖြန့်ဝေပေးမယ့် သတ်သတ်မှတ်မှတ် နေရာတခုကို ထားရှိမှာဖြစ်ပြီး သူတို့အတွက် ဘုရားဝတ်ပြုစရာ ဗလီတွေအပြင် အိမ်သာအသစ်တွေနဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မယ့် နေရာတွေလည်း ပါဝင်မှာဖြစ်ကြောင်း Kutupalong စခန်း (၂) အုပ်ချုပ်ရေးမှူး Sarwar Salam က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

“ဒီဒုက္ခသည်တွေ နေထိုင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဧက ၂,၀၀၀ သီးခြား စီစဉ်ပေးထားပါတယ်။ သူတို့အတွက် မိလ္လာ၊ နေထိုင်စရာ အိမ်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား စာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။”

ဒုက္ခသည်တွေ အားလုံးကို တနေရာထဲမှာ တစုတစည်းထဲ ထိန်းသိမ်းထားခြင်းဖြင့် သူတို့အတွက် အကူအညီတွေကို ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်သလို အာဏာပိုင်တွေအနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နိုင်မယ်လို့လည်း အုပ်ချုပ်ရေးမှူး Sarwar Salam က ပြောပါတယ်။

Kutupalong ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးကလည်း ကနဦး သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး အသံ။ “အစပိုင်းမှာ ပြဿနာ၊ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ စားစရာနဲ့ သောက်ရေလည်း မရှိပါဘူး။ အခုတော့ အစားအစာ၊ ရေနဲ့ အိပ်စရာ နေရာတွေ ရှိလာပြီဆိုတော့ အခြေအနေတွေဟာ ကောင်းလာနေပါပြီ။”

ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ Abdul Majid ဆိုသူ ရိုဟင်ဂျာ အမျိုးသားတဦးကလည်း သူရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဒီကိုရောက်လာတော့ အခြေအနေက အတော်လေး ဆိုးပါတယ်။ ဒေသခံတွေက ကျနော်တို့ကို နေထိုင်ခွင့် ပြုထားပါတယ်။ အခြေအနေတွေ ဘယ်လောက်ဘဲ ဆိုးနေပါစေ သူတို့တွေက ကျနော်တို့ နေထိုင်ဖို့အတွက် ပလပ်စတစ် အမိုးအကာတွေနဲ့ နေထိုင်ခွင့်အပြင် သောက်ရေပါ ပေးခဲ့ပါတယ်။ ကျနော်တို့တွေဟာ မြန်မာနိုင်ငံဘက်ကနေ ကိုယ်လွတ်ရုံးပြီး ပြေးလာခဲ့ကြတာပါ။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ငါသိန်းကျော် ထွက်ပြေးခဲ့တယ်လို့ ခန့်မှန်းထားကြပြီး ဒီဖြစ်ရပ်ဟာ လူမျိုးတုန်း သတ်ဖြတ်မှုဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှာ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပေါ်တဲ့ အချိန်အထိ ရခိုင်ပြည်နယ်အတွင်း သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင် တသန်းလောက် နေထိုင်ကြ တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ဝင်ရောက် လာကြသူတွေလို့ မြန်မာနိုင်ငံသား အများစုက သတ်မှတ်ခြင်း ခံထားရတဲ့ ဒီလူတွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်ထားသလို၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လည်း ငြင်းပယ်ခြင်း ခံထားရကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG