သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပဋိပက္ခ အမြန်အဖြေရှာရေး ကန်အောက်လွှတ်တော်ကော်မတီဆွေးနွေး


ရိုဟင်ဂျာအရေး အောက်လွှတ်တော်ကြားနာပွဲ။
ရိုဟင်ဂျာအရေး အောက်လွှတ်တော်ကြားနာပွဲ။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ကြားနာပွဲတခုလုပ်ခဲ့ပါတယ်။ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ကော်မတီဝင် လွှတ်တော်အမတ်တွေက သုံးသပ်ပြောဆိုကြသလို ကြားနာပွဲမှာ တက်ရောက် တင်ပြသူတွေကလဲ သူတို့သိရှိထားတာတွေကို အစီရင်ခံ တင်ပြကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ၂ နာရီနီးပါးကြာ ကြားနာပွဲတခုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ဖြစ်ရပ်တွေကို လွှတ်တော်အမတ်တွေနဲ့ တက်ရောက်အစီရင်ခံသူတွေက အကျယ်တဝံ့ ပြောဆို မေးမြန်း တင်ပြခဲ့ကြတာပါ။

ကော်မတီဥက္ကဌ အောက်လွှတ်တော်အမတ် Ed Royce က ပြောသွားတာမှာ -

“ရိုဟင်ဂျာမူစလင်တွေနဲ့ တခြား လူနည်းစုတွေကို မြန်မာအစိုးရက အပြင်းအထန် ရက်ရက် စက်စက် ပြုမူနေတာ ခွင့်ပြုထားလို့မဖြစ်နိုင်ပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မ ာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးကို ဦးစားပေးကိစ္စတွေအဖြစ် သတ်မှတ်ရပါမယ်။ အကြမ်းဖက်အခြေအနေတွေကို ရပ်ပစ်ဖို့အတွက် ကျနော်တို့ လုပ်နိုင်သမျှ နည်းလမ်းတွေအကုန်လုံးကို အသုံးပြုသင့်ပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင် အမေရိကန်သမ္မတတွေလက်ထက်က ပြဌာန်းသွားတဲ့ ဥပဒေ တွေ၊ အမိန့်ကြေညာစာတွေဟာ မြန်မာနိုင်ငံကပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတာမှာ အသင့်တော်ဆုံးနည်းလမ်း မဟုတ်ခဲ့ဘူးလို့ The Heritage Foundation၊ အာရှရေးရာ လေ့လာမှုဌာနက ညွှန်ကြားရေးမှူး Walter Lohman က ထောက်ပြပြီး အမေရိကန်ကွန်ဂရက် လွှတ်တော်အနေနဲ့ လုပ်ဆောင်သင့်တာတွေကိုတင်ပြတာမှာ နှစ်နိုင်ငံကြား စစ်ဘက်ဆက်ဆံ ရေး ပုံမှန်ပြန်ဖြစ်အောင် နောက်ထပ်မလုပ်ဖို့ အကြံပြု တင်ပြသွားပါတယ်။

“မြန်မာစစ်ဘက်ကို အကြံပေးဖို့၊ သင်ကြားပေးဖို့၊ လေ့ကျင့်ပေးဖို့ ကာကွယ်ရေးဌာနကို ခွင့်ပြု ထားတဲ့ ၂၀၁၈ ခုနှစ်၊ National Defense Authorization Act (NDAA) ပါ ပြဌာန်းချက်တွေ ကိုဖယ်ရှားဖို့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုးတွေအတွက် အခြေခံချပေး ထားတဲ့ ၂၀၁၅ ခုနှစ် NDAA ဥပဒေပါ ပြဌာန်းချက်တွေကို ကွန်ဂရက်လွှတ်တော်က ဖျက်သိမ်း ပြီး နောက်ထပ် အရေးယူ လုပ်ဆောင်သင့်ပါတယ်။”

မစ္စတာ Lohman အပါအဝင် ကျန်တဲ့လူတွေ အကြံပြုတင်ပြသွားတဲ့ထဲမှာ စစ်ဘက်ချင်း ဆက်ဆံရေး မလုပ်ဖို့အပြင် အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ခွင့်ကို ပြန်ပြီးကန့်သတ်ဖို့၊ မြန်မာစစ်ဘက် တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်ဖို့နဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖို့၊ အထူး ဒဏ်ခတ်အရေးယူတဲ့ လူူပုဂ္ဂိုလ်များစာရင်း SDN ထဲမှာ မြန်မာ စစ်ဘက် ခေါင်းဆောင်တွေကို ထည့်သွင်းဖို့ စသည်အားဖြင့် ဒဏ်ခတ် အရေးယူမှုမျိုးစုံ ချမှတ်ဖို့ တင်ပြသွားတာတွေရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၄၀၀,၀၀၀ သိန်းကျော် ထွက်ပြေးသွားရတဲ့ အကြောင်း ရင်းတွေကို ကိုင်တွယ်ဖြေရှင်းတာမှာ မြန်မာစစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်ယူ လုပ်ဆောင်ရမှာတွေကို တင်ပြသွားသူကတော့ Refugees International အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူ Daniel Sullivan ပါ။

“ပထမဆုံးနဲ့ အဓိကအကျဆုံးကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ စစ်ဘက်ဟာ ဒီပြဿနာမှာ တိုက်ရိုက် တာဝန်ရှိပါတယ။် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြတာမှာ မြန်မာစစ်သားတွေနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေဟာ အဓိကတာဝန်ရှိသူတွေဖြစ်ပြီး အဲဒီချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ အားအကောင်းဆုံးအနေ အထားမှာ ရှိနေကြသူတွေဖြစ်ပါတယ်။”

အမေရိကန်၊ Holocaust အထိမ်းအမှတ်ပြတိုက်၊ မျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ Simon-Skjodt ဌာနက အစီအစဉ် မန်နေဂျာ Andrea Gittleman ကလဲ ရခိုင်မှာဖြစ်သွားတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စစ်ဘက်မှာရော၊ ဒေါ်အောင်ဆန်းစုကြည်မှာပါ တာဝန်ရှိတယ်လို့ ကြားနာပွဲမှာ ပြောသွားပါတယ်။

“တိုက်ခိုက်မှုတွေမှာပိုပြီးပါဝင်လာတဲ့ တိုင်းရင်းသား ရခိုင်အရပ်သားတွေရဲ့ ထောက်ကူမှုနဲ့ ရိုဟင်ဂျာတွေအပေါ် မကြာသေးခင်ကကျူးလွန်တဲ့ သတ်ဖြတ်မှုတွေမှာ အဓိက လက်သည်က တော့ မြန်မာစစ်တပ်ပါပဲ။ ဒါပေမဲ့လဲ လက်ရှိ အကြမ်းဖက်သံသရာကို အရှိန်လျှော့ချဖို့၊ မြန်မာ နိုင်ငံက လူနည်းစုတွေရဲ့ ဘဝတွေနဲ့ လွတ်လပ်မှုကို စစ်ဘက်ရန်ကနေရော ARSA လို အဖွဲ့မျိုး တွေရဲ့ရန်ကနေပါ အကာအကွယ်ပေးဖို့ တကယ်တမ်းတာဝန်ရှိသူကတော့ နိုင်ငံမှာ တကယ့် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပါပဲ။”

ဒီကြားနာပွဲကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး တက်ရောက်ခဲ့ပေ မဲ့ မြန်မာသံအမတ်ကြီးတော့ မတက်ရောက်ခဲ့ပါဘူး။ ဒါကို ထောက်ပြ ပြောဆိုသွားသူကတော့ ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ် Brad Sherman ပါ။

“မြန်မာသံအမတ်ကြီးကိုလဲ ကျနော် ဒီမှာ မိတ်ဆက်ပေးလိုပေမဲ့ သံအမတ်ကြီးက ဒီမှာ ရှိမနေ ပါဘူး။ သံအမတ်ကြီးသာ ဒီမှာရှိနေမယ်ဆိုရင် မြန်မာအစိုးရရဲ့မူဝါဒတွေကြောင့် ထောင်ပေါင်း များစွာသောလူတွေ နိုင်ငံကနေ ထွက်ပြေးသွားရတဲ့အပေါ် ကမ္ဘာက ဘယ်လိုမြင်နေတယ် ဆိုတာကို သိသွားမှာပါပဲ။”

ကြားနာပွဲ အဆုံးသတ်ခါနီးမှာတော့ ပွဲကို အဓိကတာဝန်ယူူကြီးကြပ်တဲ့ ကော်မတီဥက္ကဌတဦး ဖြစ်သူ၊ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် Ted Yoho က ဒီကြားနာပွဲကနေ ဆက်ပြီး တင်ပြသွားမယ့် လုပ်ဆောင်ရမယ့်အချက်တွေကို အခုလို ပြောသွားပါတယ်။

“ခင်ဗျားတို့ ဒီကြားနာပွဲမှာ တင်ပြတာကနေထွက်လာမယ့် ကျနော်တို့ရဲ့ အကြံပြုချက်တွေက တော့ Jade Act ကို ချက်ခြင်း ဖျက်သိမ်းဖို့၊ မြန်မာနိုင်ငံကို အကူအညီပေးဖို့ တင်ပြထားတဲ့ ဒေါ်လာ ၆၃ သန်း အကူအညီကို ဆိုင်းငံ့ထားဖို့၊ ဒါကို ကော်မတီအဖွဲ့ဝင်တွေတောင် မသိသေးပါ ဘူး၊ အခုတော့သိပြီလို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကုလသမဂ္ဂအနေနဲ့ အခုချက်ခြင်း အရေးယူလုပ်ဆောင်ရေး တောင်းဆိုဖို့ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်က အကြမ်းဖက်အခြေအနေတွေ၊ ဒုက္ခသည်အများအပြား ထွက်ပြေးနေရတာ တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတာတွေ စသည်အားဖြင့် နိုင်ငံတကာမှာ အထူးအာရုံစိုက် ပြောဆိုတာတွေရှိနေချိန်မှာပဲ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ ကြားနာပွဲလုပ်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
ရိုဟင်ဂျာ ပဋိပက္ခ အမေရိကန် အောက်လွှတ်တော် ကြားနာပွဲ
please wait

No media source currently available

0:00 0:05:33 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG