သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုသန်းစိုး နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှု ကနေဒါ ထိပ်တန်းလွှတ်တော်အမတ် ထောက်ခံ


၁၉၈၉ တုန်းက မြန်မာအစိုးရပိုင်လေယာဉ်ကို ပျံပေးဆွဲ ခဲ့ကြသည့် ရဲသီဟ(အလယ်-ဘယ်) နှင့် ရဲရင့် ခေါ် ကိုသန်းစိုး (အလယ်-ညာ) တို့အား ထိုအချိန်က ထိုင်းနိုင်ငံတွင် တွေရစဉ်။
၁၉၈၉ တုန်းက မြန်မာအစိုးရပိုင်လေယာဉ်ကို ပျံပေးဆွဲ ခဲ့ကြသည့် ရဲသီဟ(အလယ်-ဘယ်) နှင့် ရဲရင့် ခေါ် ကိုသန်းစိုး (အလယ်-ညာ) တို့အား ထိုအချိန်က ထိုင်းနိုင်ငံတွင် တွေရစဉ်။

ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပေမယ့် အခုချိန်ထိ ခွင့်ပြုချက်မရသေးတဲ့ ကိုသန်းစိုးကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတာကို ပြန်မပို့ရေးအတွက် သူ့ကို ထောက်ခံသူတွေက ဝိုင်းဝန်း ကြိုးပမ်းနေကြပါတယ်။

ကနေဒါလွှတ်တော် ဒုက္ကဋ္ဌလည်းဖြစ်၊ ကနေဒါ-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Bruce Stanton က ကိုသန်းစိုး ကနေဒါနိုင်ငံမှာ တရားဝင် နေခွင့်ရှိရေးအတွက် ထောက်ခံကြောင်း ပြောခဲ့တဲ့အတွက် သူ့အမှုဟာ အနည်းငယ် မျှော်လင့်ချက် ရောင်ခြည် သန်းလာခဲ့ပါတယ်။ ကိုသန်းစိုး အမှု နောက်ဆုံး အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကနေဒါလွှတ်တော် ဒုက္ကဋ္ဌလည်းဖြစ်၊ ကနေဒါ-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Bruce Stanton ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနေဒါ ခရီးစဉ်အတွင်း သီးခြား တွေ့ဆုံစဉ်မှာ ကိုသန်းစိုးရဲ့နိုင်ငံရေး ခိုလှုံခွင့် ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ဒုဥက္ကဋ္ဌ Bruce Stanton က ကိုသန်းစိုး ကနေဒါနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်ရပြီး နောက်ပိုင်းမှာ နိုင်ငံသားအဖြစ် ခံယူခွင့်ရရှိရေး အတွက်ပါ သူ့အနေနဲ့ အပြည့်အ၀ ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ ကိုသန်းစိုး လွတ်မြောက်ရေး အတွက် ဦးဆောင် လှုပ်ရှားနေသူ တိုရွန်တိုမြို့က ကိုအောင်မိုးက ဗွီအိုအေကို ပြောပါတယ်။

“ အမေစု လာတဲ့အချိန်မှာ သူ့ကို လုပ်ပေးနေတဲ့ Bruce က အမေစုကို အဓိကထားပြီးတော့ သူ့ကိုခေါ်တဲ့ အဖွဲ့ထဲက လူပေါ့နော် ဒီ အောက်လွှတ်တော် ဒုတိယဥက္ကဌ၊ အဲဒီ ဒုဥက္ကဌရဲ့ စာအရရော နောက်ဒီ Prime Minister ရုံးကနေပြီးတော့ ကျနော့်ဆီ ပြန်တဲ့စာတွေ အရကော အဲဒါကတော့ ကိုသန်းစိုးကို သူတို့အနေနဲ့ အကူညီပေးနေတယ်လို့ ပြောတယ်ဗျ။

ဒါပေမယ့် အဲဒီမှာ ၂ ခု ကျနော်ပြောမယ်ဗျာ။ တခုက ကျနော်က အမေစုလာတဲ့အချိန်မှာ ဟို ကိစ္စတခုကြောင့်ပေါဗျာ ထဲထဲဝင်ဝင် လုပ်ခွင့်ရခဲ့တယ်ဗျ။ အမေစုတို့ လာတဲ့ အဖွဲ့ ကြိုတဲ့အခါမှာရော အမေစုတို့တို့ သွားတဲ့ လမ်းခရီးမှာ ကျနော်လိုက်ပြီးတော့ ကားလိုက်မောင်း ပို့ပေးခဲ့ရတဲ့ ပုံစံမျိုး ကျနော် လုပ်ခဲ့ရတယ်ဗျ။ အမေစုလက်ထဲကို ကျနော်ကိုယ်တိုင် မထည့်နိုင်ပေမယ့် အမေစု လက်ထဲ ရောက်တယ်ဆိုတဲ့ အနေအထား ရှိတယ် ခင်ဗျ။ ကျနော်တို့ စာတွေက။ အဲဒါမျိုးပေါ့ဗျာ။

နောက်တခုက ကိုသန်းစိုး ကိစ္စကို Bruce တို့ ဘာတို့က Request က အမေစုတို့ ဘာတို့နဲ့ တွေ့တဲ့အခါကြရင် ဆွေးနွေး ပေးဖို့ ပြောတဲ့ အချိန်မှာ သူတို့ ဆွေးနွေး ရတယ်လို့ ကျနော့ကို Response ပြန်လုပ်တယ်ဗျ။ အမေစုနဲ့ တိုရန်တိုမှာ မြန်မာ Community နဲ့ တွေ့ ပြီးတဲ့နောက်မှာ အဲဒီ Bruce တို့နဲ့ Community ထပ်တွေ့ ကြတယ်လေ။ ထပ်တွေ့ခွင့် ရတဲ့အခါမှာ ကျနော် မေးခွင့်ရခဲ့တယ်။ သူတပြောတာက အမေစုနဲ့ သူတို့ကခေါ်တာက The Lady နဲ့ သူတို့ အဲဒီကိစ္စကို ဆွေးနွေးတယ်လို့ ပြောတယ်ဗျ။”

၁၉၈၉ ခုနှစ်တုန်းက တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံ တစင်းကို ဘန်ကောက်မြို့ကို ပြန်ပေးဆွဲသွားခဲ့တဲ့ အမှုအတွက် ထိုင်းနိုင်ငံမှာ ပြစ်ဒဏ် ကျခံပြီးတဲ့နောက် ကိုသန်းစိုးဟာ ၁၉၉၆ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကို ပညာတော်သင် အစီအစဉ်နဲ့ ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်ပျံ ပြန်ပေးဆွဲသွားခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက် နေထိုင်ခွင့် မပေးတာကြောင့် ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တာပါ။ ကနေဒါ အစိုးရကလည်း သူ့ကို တရားဝင် နေထိုင်ခွင့် မပေးဘဲ အခုချိန်ထိ နားလည်မှုနဲ့သာ နေခွင့်ပြုထားခဲ့တာပါ။

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးတဲ့နောက် ကိုသန်းစိုးကို မြန်မာပြည် ပြန်ပို့ဖို့ ကနေဒါ အစိုးရက စတင် စီစဉ်လာတာမှာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ သူ့အမှုအတွက် အမိန့်ချမှာမို့ ကိုယ်တိုင် လာရောက်ဖို့ ကနေဒါ နယ်စပ်လုံခြုံရေးဌာနက ဆင့်ခေါ်စာ ပို့ထားပါတယ်။

အဲဒီစာထဲမှာ ဇွန်လ ၁၉ ရက်နေ့ သူ့အမှုအတွက် ဆုံးဖြတ်ချက် ချမယ့်နေရာကိုလာတဲ့အခါ သူ့အနေနဲ့ သယ်ဆောင်လာရမယ့် စာရွက် စာတမ်းတွေ စာရင်းကို ဖော်ပြထားတာမှာ သူ့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်၊ မွေးစာရင်း၊ ဒါမှမဟုတ် မှတ်ပုံတင်၊ အိုင်ဒီ၊ ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၄) ပုံ၊ မှီခိုသူရှိရင် မှီခိုသူအားလုံးရဲ့ဓါတ်ပုံတွေ၊ လူမှုဖူလုံရေး ကဒ်ပြား၊ လူဝင်မှုကြီးကြပ်ရေး ဌာနနဲ့ တရားရုံးတို့မှာ တင်ထားတဲ့ စာရွက် စာတမ်းတွေ၊ အသနားခံလွှာတွေ၊ ရာဇဝတ်မှုရှိခဲ့ရင် အဲဒီအမှုကိစ္စနဲ့ သက်ဆိုင်တဲ့ စာရွက် စာတမ်းတွေနဲ့ ခံဝန်ချက် စတဲ့ စာရွက်စာတမ်း၊ အထောက်အထားတွေ သူနဲ့ တပါတည်း သယ်ဆောင်လာဖို့ ညွန်ကြားထားပါတယ်။

နယ်စပ်လုံခြုံရေးဌာနက ကိုသန်းစိုးကို ပို့တဲ့စာနဲ့ ကနေဒါ လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ရုံးတို့က သူတို့ထံ ပို့တဲ့စာတွေမှာ အဓိပ္ပါယ် ၂ မျိုး ကွဲပြားနေကြောင်းလည်း ကိုအောင်မိုးက ပြောပါတယ်။

“ ကိုသန်းစိုး ကိစ္စက ရတဲ့ သတင်းအချက်အလက်က ၂ ခု ကွဲနေတယ်ဗျ။ တခုက ကိုသန်းစိုးရတဲ့ Information က တမျိုးဖြစ်နေသလို၊ ကျနော်တို့ဆီကို ရောက်တဲ့ Information က တမျိုးဖြစ်နေတယ်။ ဆိုလိုတာက ကိုသန်းစိုးဆီပို့တာက Border Security အဖွဲ့အစည်းက ပို့လိုက်တာ။ ကျနော်တို့ ဆီမှာရှိတာက ကိုသန်းစိုးကိစ္စကို စိတ်ဝင်တစား လိုက်လုပ် ပေးနေတဲ့ ဒီက သူတို့ နယ်မြေခံ MP ရယ်၊ နောက် ဒေါ်စုကို ဖိတ်ကြားပြီး လိုက်လုပ်ပေးနေတဲ့ ကနေဒါ အောက်လွှတ်တော် အမတ် ဒုဥက္ကဌရယ် အဲဒါတွေဆီက ရတဲ့ Information ကြတော့ Positive Way ပေါ့နော်။ အကောင်းဘက်ကလိုမျိုး ဖြစ်နေတယ်။ အဲဒါတွေကွဲနေတယ်ဗျ။ ”

သူ့အမှုအတွက် ဆုံးဖြတ်ချက်ချဖို့ သီတင်း တပတ်တောင် မလိုတော့တာမို့ အဲဒီ ဆုံးဖြတ်ချက် ချမယ့်ရက်မှာ သူ့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ သူလွတ်မြောက်ရေး အတွက် လှုပ်ရှားနေသူတွေ စုပြီး သွားကြဖို့ စီစဉ်နေကြောင်းလည်း ကိုအောင်မိုးက ပြောပါတယ်။

“အခုကျနော် Organize လုပ်နေတယ်။ လာနိုင်တဲ့လူ မှန်သမျှ ကျနော် ခေါ်ထားတယ်။ သူငယ်ချင်း တော်တော်များများပေါ့။ ကျနော်တို့ ဆန္ဒပြမှာတော့ မဟုတ်ဘူး။ ကျနော်တို့ အနေနဲ့ နောက်ဆုံး ကိုသန်းစိုး တယောက်ထဲ မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ အကုန်လုံးက သူ့နောက်မှာ ရှိတယ်ပေါ့။ အဲလိုမျိုး ကျနော်တို့က ကနေဒါ အစိုးရကို ပြချင်တဲ့ ပုံစံမျိုးပေါ့။ တောင်းဆိုမှုတွေ ဘာတွေတော့ ရှိမှာပေါ့။ အထဲမှာ သူ့ရဲ့အမှုကို ကြားနာခွင့် ရမလား။ ကျနော်တို့ ကိုယ်တိုင် နားထောင်ခွင့်ရမလား။ အဲလိုမျိုးပေါ့။ နောက်တခုက သူ့ကို ကျနော်တို့က တယောက်တည်း မထားဘူး။

ကျနော်တို့ အကုန်လုံးက သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်ဆိုတာကို ပြမယ် ဆိုတဲ့ပုံစံမျိုး လုပ်ထားတယ်။ အဲဒီရုံးကို ကျနော်အပါဝင် သိပ်မ များ မနည်းတဲ့ လူတွေသွားကြမယ်။ အများကြီးတော့ မခေါ်ဘူးဗျ။ ဒါပေမဲ့ လာချင်တဲ့လူတွေက အမျာကြီး။ ဘယ်လိုပြောမလဲဗျာ။ အခြေအနေ အချိန်အခါ အကုန်လုံးကို ချိန်ကြည့်တာက အဲဒါက တရားရုံး မဟုတ်ဘူးဗျ။ ထောင်ကြီးဆိုတော့ သူတို့ဘက်က ဘာကိစ္စနဲ့ အဲဒီလို ခေါ်သလဲဆိုတာကိုတော့ ကျနော်လည်း မပြောတတ်ဘူး။

အကောင်းဆုံးလည်း မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားတယ်ဆိုတဲ့ အမြင်နဲ့ ကျနော်တို့က လူရင်းထဲက လူတွေပဲ ရောက်အောင်လာဖို့ အဲလို။ နောက်ပြီး ကျနော်တို့ သူ့ကို တရားစီရင်ချက်ချမဲ့ အဲဒီအထဲကို ဝင်ဖို့ အဲဒါတွေကိုတော့ စီစဉ်ထားတယ်ဗျ။ ”

ကိုသန်းစိုးရဲ့ အမှုအတွက် စီရင်ချက်ချဖို့ ကနေဒါ နယ်စပ်ဒေသ လုံခြုံရေးဌာနက ဆင့်ခေါ်ထားတဲ့ နေရာဟာ အကျဉ်းထောင်နေရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကိုသန်းစိုးထံ နယ်စပ်လုံခြုံရေးဌာနက ပေးပို့တဲ့စာနဲ့ လွှတ်တော်အမတ်ရုံးတို့က ပေးပို့တဲ့စာတွေမှာ ကွာခြားချက်တွေ ရှိနေတာကြောင့် ဇွန်လ ၁၉ ရက်နေ့မှာ ဘယ်လို ဆုံးဖြတ်ချက်မှန်း အတိအကျ မသိရသေးဘဲ ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG