သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပို့ခံရမည့်အရေး လေယာဉ်ပျံပေးဆွဲခဲ့ဖူးသူ စိုးရိမ်


Than Soe
Than Soe

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကနေဒါနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ တဦးဟာ မြန်မာနိုင်ငံကို အတင်းအကြပ် ပြန်ပို့ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကအရေး လှုပ်ရှားမှုကို ကမ္ဘာက သိလာအောင် ကြိုးပမ်းမှု တရပ်အနေနဲ့ မြန်မာနိုင်ငံ မြိတ်မြို့ကနေ ထိုင်းနိုင်ငံကို ၁၉၈၉ ခုနှစ်တုန်းက လေယာဉ်ပျံ ပြန်ပေးဆွဲသွားခဲ့တဲ့ ၂ ဦးထဲက ၁ ဦး ဖြစ်တဲ့ ကိုသန်းစိုး ခေါ် ရဲရင့်ကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အပြည့် အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံမှာ ၅ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါ ဘုရင်ခံချုပ် David Johnston နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလို ကနေဒါနိုင်ငံကို ရောက်နေတဲ့ အချိန်မှာပဲ မြန်မာ့ ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့တဲ့ ကိုသန်းစိုး ခေါ် ရဲရင့်ကို ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့စီစဉ်နေတာ ဖြစ်ပါတယ်။

ကိုသန်းစိုးဟာ ၁၉၉၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ခဲ့ပေမယ့်လည်း ၁၉၈၉ ခုနှစ်တုန်းက တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ကိုပျံသန်းမယ့် မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံတစင်းကို ထိုင်းနိုင်ငံကို ပြန်ပေးဆွဲသွားခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက် နေထိုင်ခွင့် မပေးတာကြောင့် ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားခဲ့တာပါ။

ဒါပေမယ့် ကနေဒါအစိုးရကလည်း သူ့ကို တရားဝင် နေထိုင်ခွင့်မပေးပဲ အခုချိန်ထိ နားလည်မှုနဲ့သာ နေခွင့်ပြုထားခဲ့တာပါ။

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးတဲ့နောက် ကိုသန်းစိုးကို မြန်မာပြည် ပြန်ပို့ဖို့ ကနေဒါအစိုးရက စတင် စီစဉ်လာတာမှာ ကနေဒါ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်များဆိုင်ရာ ဌာနက အခု လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ သူ့အမှုအတွက် အမိန့်ချမှာမို့ ကိုယ်တိုင် လာရောက်ဖို့ ဆင့်ခေါ်စာ ပို့ထားပါတယ်။

တကယ်လို့ ကနေဒါ အစိုးရက သူ့ကို မြန်မာပြည်ပြန်ပို့ဖို့ ဆုံးဖြတ်ပြီး ပြန်ပို့လိုက်မယ်ဆိုရင်တော့ သူ့လုံခြုံမှုအတွက် စိုးရိမ်မိကြောင်း ကိုသန်းစိုးက အခုလို ပြောပြပါတယ်။

“သူတို့ကတော့ ကျနော့်ကို အခုလို ပြန်ပို့မယ်ဆိုလို့ရှိရင် ကျနော်မြင်တာကတော့ မေးမှာပါ၊ လေယာဉ်ကွင်းမှာလဲ။ ဒါမှမဟုတ်လို့ရှိလည်း ထိန်းသိမ်းလိုက်မှာတော့။ သူတို့က ကျနော့်ရဲ့ ရပ်တည်ချက်၊ ခံယူချက်ကို မေးမှာပေါ့။ ကျနော့်ခံယူချက်က သူတို့နဲ့ ကိုက်ညီတယ်၊ သူတို့ကလည်း ဘာမှ မပြောဘူးဆိုရင်တော့ လွတ်ပေးလိုက်မှာပေါ။ မကိုက်ညီဘူးဆိုရင်တော့ သူတို့ဘက်ကလည်း နံပတ် (၁)၊ ဖမ်းချင်ဖမ်းမယ်။ ၈၉ ခုနှစ် လေယာဉ်ကိစ္စနဲ့၊ ခနထိန်းဖို့ပေါ့။ ဆိုတော့ သူက သိက္ခာချမှာကို။ ပြီးမှပဲ အစိုးရကနေ ပြီးတော့ သနားညာတာမှုနဲ့ လွတ်ချင်လည်း လွတ်ပေးလိုက်မယ်။ ဒါက လူကို ရိုက်ချိုးလိုက်တာ။ အဲဒီအတိုင်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ခုနကလိုမျိုး ဦးကိုနီကို သတ်တဲ့ပုံစံမျိုး၊ လမ်းပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ Assassination (လုပ်ကြံ သတ်ဖြတ်တာ) တော့ မဟုတ်ဘူးပေါ့၊ လူငယ်ချင်း ရန်ဖြစ်တဲ့ ပုံစံမျိုး ပုခုံးချင်းတိုက်ပြီးတော့ ဝိုင်းရိုက်လိုက်တာ၊ လမ်းပေါ်မှာ လူငယ်ချင်း ဖြစ်တဲ့ပုံစံမျိုးနဲ့ သေချင်လည်း သေသွားနိုင်တယ်။ အဲဒီတော့ လုံခြုံမှုဆိုတာတော့ မရှိဘူးဆိုတော့ အမှန်ပဲ။ ဥပမာ ထားပါတော့ ဒေါ်အောင်ဆန်းစုကြည်တို့ကနေပြီး Legislation ဥပဒေ ချပေးလိုက်ရင်တောင်မှ လုံခြုံမှုက မရှိသေးဘူး။

ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ထားပါတော့ ဘယ်လိုခေါ်မလဲ၊ အရင်ကလုပ်ခဲ့တာလည်း လာပြီး လက်ညိုး မထိုးနဲ့၊ အရင်ကဆိုတာက လေယာဉ်ပျံကိစ္စပဲဖြစ်ဖြစ်၊ ဘာဘဲဖြစ်ဖြစ်၊ အကြမ်းဖက်သမားတွေ ဘာတွေ လာမလုပ်နဲ့။ မတရားဘူးပေါ့။ သူတို့လည်း သတ်ခဲ့တာပဲ။ အဲဒီလို လက်ညိုးထိုးရင်လည်း မကောင်းဘူး။ နောက်တခုကျတော့ ဘာလဲ၊ နိုင်ငံသား ဘာညာ ပြန်လျှောက်ရတာပေါ့။ ၂ နှစ်လောက်ကြာတယ်။ အဲဒီအတိုင်းလည်း မဖြစ်သင့်ဘူး။”

တတ်နိုင်ရင်တော့ သူ့အနေနဲ့ လက်ရှိအခြေအနေတွေအရ ကနေဒါနိုင်ငံမှာ ဥပဒေနဲ့အညီ ယာယီ ဆက်လက် နေထိုင်ချင်သေးတယ်လို့ ကိုသန်းစိုးက ပြောပါတယ်။

“အခုကျနော်ပြန်သွားတယ်၊ ပြန်သွားလို့ ရုတ်ရုတ် ရုတ်ရုတ်တွေ ဖြစ်ကုန်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက်လည်း မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း သူတို့အမြင်နဲ့၊ သူတို့နည်းနဲ့ သူတို့ လုပ်နေတာ။ သိတယ်မဟုတ်လား။ ဒီကြားထဲမှာ ကျနော်ပြန်သွားပြီး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်တော့လည်း သူတို့အတွက်လည်း အခက်အခဲ ဖြစ်သွားနိုင်တာပေါ့။ အဲဒီတော့ အကယ်လို့သာ ဒီဘက်က (ကနေဒါဘက်က နေထိုင်ခွင့်) ပေးခဲ့မယ်ဆိုရင်တော့ အရင်ကလို သိုသို သိပ်သိပ်ကြီးတော့ နေစရာ မလိုတော့ဘူးပေါ့။ အကယ်လို့သာ ကနေဒါ အစိုးရနေပြီးတော့ ယာယီ နေထိုင်ခွင့် ပြုလိုက်တယ်ဆိုရင်တော့ ခိုးကြောင် ခိုးဝှက် နေစရာ မလိုတော့ဘူးပေါ့ဗျာ၊ နော်။ ပေါ်ပေါ်တင်တင်နေပြီးတော့ မြန်မာနိုင်ငံကိစ္စလည်း ပြောသင့် ပြောထိုက်တယ်၊ ရေးသင့် ရေးထိုက်တယ် ဆိုရင်လည်း ရေးသင့်တာပေါ့။”

ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ကတော့ နိုင်ငံရေးလုပ်ဖို့ စိတ်ကူးမရှိပဲ တိုင်းပြည် အကျိုးဖြစ်စေမယ့် ကိစ္စရပ်တွေကို တတ်နိုင်သလောက် ကူညီ လုပ်ဆောင်ပေးလိုတယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးလုပ်ဖို့တော့ ကျနော့်မှာ စိတ်မရှိပါဘူး။ လူမှုရေးတို့၊ ဝိုင်းဝန်း လုပ်ပေးတဲ့ စိတ်ဓါတ်တော့ ရှိတာပေါ့။ ရှိတယ်ဆိုတာလည်း ဒီလိုပါ။ ဒိပြင်လူတွေ လုပ်နေတယ် ဆိုလည်း ကျနော်လည်း ဝင်ပြီးတော့ လုလုပ်ဖို့ မရှိပါဘူး။ လိုအပ်မယ် ဆိုလို့ရှိရင် တတတ်တအား ပါဝင်ဖို့ ပြောတာပါ။”

၁၉၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြကြတဲ့ လူထု အုံကြွမှုကြီး ဖြစ်ပေါ်ပြီးနောက်ပိုင်း ထောင်ပေါင်း များစွာသော တခြား ကျောင်းသား လူငယ်တွေနည်းတူ ထိုင်း-မြန်မာ နယ်စပ်ဒေသကို တောခိုသွားခဲ့တဲ့ ကိုသန်းစိုးနဲ့ တခြား ရဲဘော်တချို့တို့ တိုင်ပင်ပြီး တိုးတက် ပြောင်းလဲမှုရှိမလာတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ကမ္ဘာကသိအောင် တခုခု လုပ်ဖို့ လိုတယ်ဆိုတဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအတွင်းက လေယာဉ်ပျံကို ပြန်ပေးဆွဲဖို့ အစီအစဉ် ချမှတ်ဖြစ်ခဲ့တဲ့အကြောင်း ကိုသန်းစိုးက ဗွီအိုအေကို ပြောပြခဲ့ဘူးပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကနေဒါအစိုးရက ချမှတ်မယ့် ဆုံးဖြတ်ချက်ဟာ ဘယ်လို ဆုံးဖြတ်ချက်ဖြစ်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ တနှစ်လောက်က စတင်ခဲ့တဲ့ အမှုသွား အမှုလာအရ သူ့ကို ကနေဒါအစိုးရက တရားဝင် နေထိုင်ခွင့်ပြုလို့ မရနိုင်ဘူးဆိုတာမျိုး ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG