သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခအရေး အိမ်ဖြူတော် အထူးစိုးရိမ်


ရခိုင်ပဋိပက္ခအရေး အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Sarah Sanders နှင့် တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ
ရခိုင်ပဋိပက္ခအရေး အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Sarah Sanders နှင့် တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က မွတ်စလင်အကြမ်းဖက်အုပ်စုက လုံခြုံရေးစခန်းတွေကို ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ အကြမ်းဖက်မှုကြောင့် လူပေါင်း အနည်းဆုံး ၃၀၀,၀၀၀ လောက် တဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေရတဲ့ အခြေအနေကို အမေရိကန်ပြည်ထောင်စုက အလွန်အင်မတန်မှ စိုးရိမ်မကင်းဖြစ်နေကြောင်းနဲ့ မကြာခင်မှာလည်း ကြေညာချက်ထုတ်ပြန်ဖို့ရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးက မနေ့ တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ထင်ရှားတဲ့ အမေရိကန်အောက်လွှတ်တော် အမတ်နှစ်ဦးကလည်း မြန်မာစစ်တပ်ကို ပေးနေတဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းတွေကို ရပ်တန့် သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာလုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် အနည်းလူပေါင်း ၃၀၀, ၀၀၀ ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်အင်မတန် စိုးရိမ်မိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Sarah Sanders က မနေ့ တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ လွန်စွာ စိုးရိမ်မကင်းဖြစ်လျက်ရှိပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာလုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီး လူအနည်းဆုံး ၃ သိန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒီတိုက်ခိုက်မှုတွေအပြင် နောက်ဆက်တွဲဖြစ်ပွားတဲ့အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။”

ဒေသတွင်းသာမက နိုင်ငံတကာကိုရိုက်ခတ်လာတဲ့ ရခိုင်ပြည်နယ်အရေးကို အမေရိကန်အစိုးရက အလွန်စိုးရိမ်မကင်းဖြစ်နေတာ ထင်ရှားနေပေမယ့် သူတို့ပါဝင်ကူညီရမယ့်အပိုင်းမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ မြင်ကြောင်းမန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကအခုလိုပြောပါတယ်။

“လက်ရှိအခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်ကိုစိုးရိမ်မကင်းဖြစ်နေတယ်လို့ ကျနော်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်မက ပိုပြီးလုပ်နိုင်ပေမယ့် အဲဒီအတွက် အကန့်အသတ်အများကြီးရှိနေတာပါ။ မြန်မာနိုင်ငံ ကိုယ်တိုင်ဖြေရှင်းရမယ့် ပြည်တွင်း ပြဿနာဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ ဒီပြဿနာဟာ ဘယ်လောက်ခက်ခဲသလဲဆိုတာလည်း ကျနော်တို့သိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို မထိန်းချုပ်နိုင်ဘူးလို့ ကျနော်ထင်ပါတယ်။ နောက်ပြီး ဒီအခြေအနေတခုလုံးအပေါ်မှာ သူဘယ်လိုသုံးသပ်သလဲဆိုတာ ကျနော်အတိအကျမသိပါဘူး။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရာအားလုံးအတွက် ငြိမ်းချမ်းတဲ့ အဖြေကို လိုချင်မှာက သေချာပါတယ်။”

တချိန်တည်းမှာပဲ အောက်လွှတ်တော် ဒီမိုကရက်ပါတီအမတ်များအဖွဲ့ အကြီးအကဲ Joe Crowley နဲ့ Republican အောက်လွှတ်တော် အမတ် Steve Chabot တို့နှစ်ဦးကလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေဖြစ်နေတဲ့ အခြေအနေဟာ ကြောက်မက်ဖွယ် ကောင်းနေပြီး သူတို့အနေနဲ့ အလွန်အင်မတန်မှ စိုးရိမ်မကင်းဖြစ်မိကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အထူးသဖြင့် မြန်မာလုံခြုံရေးတပ်တွေဘက်က ရိုဟင်ဂျာအရပ်သားတွေအပေါ် အထိန်းအကွပ်မရှိ နှိမ်နင်းမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကို သူတို့အနေနဲ့ အလွန်ပဲ စိုးရိမ်မိကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကို အမြန်ရောက်လာစေပြီး အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး မဖြစ်မနေ ဖြေရှင်းပေးသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ လက်ရှိ ပြုလုပ်နေတာရော၊ နောင်မှာ ပြုလုပ်မယ့် စစ်ဖက်ဆိုင်ရာသင်တန်းတွေကို ဆက်ပြီးမလုပ်ပဲ ရပ်တန့်မယ်ဆိုတာမျိုး အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ကို သတိပေးသင့်ကြောင်းလည်း ရေးသားထားပါတယ်။ အခုလို အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ထွက်လာဖို့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးပိုမို ကောင်းမွန်အောင်လုပ်သင့်တယ်လို့ မြင်ကြောင်း ပါမောက္ခ David Steinberg ကပြောပါတယ်။

“အခုလိုအချိန်မှာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ဆိုတဲ့ အယူအဆဟာ မှားယွင်းပါတယ်။ အခြားတိုင်းပြည် တပြည်မှာ စစ်တပ်နဲ့ ပဋိပက္ခဖြစ်နေချိန် အဲဒီစစ်တပ်နဲ့ တတ်နိုင်သမျှ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တိုးမြှင့်သင့်ပါတယ်။ ဒါကြောင့် အလွန်အခက်အခဲရှိနေတဲ့ အခုလိုအချိန်မျိုးမှာ မြန်မာစစ်တပ်နဲ့ စစ်ဖက်ဆိုင်ရာနဲ့ မပတ်သက်တဲ့ သင်တန်းတွေပေးတာ၊ ဆက်ဆံတာ စတာတွေကို မြန်မြန်ဆန်ဆန်လုပ်သင့်ပါတယ်။ နှစ်နဲ့ချီပြီး ကြိုးစားတည်ဆောက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ နိုင်ငံတကာမှာ ကျဆင်းနေပြီဆိုတာ မြန်မာအစိုးရရော စစ်တပ်ကပါ နားလည်သင့်ပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်ဖြစ်ပြီး မြန်မာနိုင်ငံအတွက်လဲ မကောင်းပါဘူး။”

ဒီအတောအတွင်း အမေရိကန်အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့သတင်းပတ်ကရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခအခြေအနေအပေါ် ဒီမိုကရက်နဲ့ ရီပါပလင်ကန် ပါတီနှစ်ခုပေါင်းပြီး ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျုးလွန်နေတဲ့ အကျည်းတန်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ အခြေအနေကို ဟန့်တားဖို့လည်း ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်းထား သလို တိုက်ခိုက်မှုတွေကို စတင်ခဲ့တဲ့ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်အဆိုကို ထင်ရှားတဲ့ ရီပါပလင်ကန်ပါတီ အထက်လွှတ်တော် အမတ် John McCain နဲ့ အတူ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Dick Durbin တို့ ပူးတွဲတင်သွင်းခဲ့ပြီး ဒီမိုကရက်အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Dianne Feinstein၊ Cory Booker နဲ့ Bob Menendez တို့ကလည်း ထောက်ခံခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရအနေနဲ့ ဝင်ခွင့်ပြုဖို့၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင် အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကလည်း ရခိုင်ပြည်နယ်အရေး အထူးရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ကျေးရွာတွေ မီးရှို့ခံရတာ၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေ အပါအဝင် မတည်မငြိမ်အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်းပြောဆိုခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့သာမက သတင်းထောက်တွေကို သွားခွင့်ပြုဖို့ကိစ္စ အပါအဝင် ပိုပြီးအရေးကြီးတဲ့ လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စ စတာတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ဆက်ပြီးတော့ ဆွေးနွေးပြောဆိုနေပါတယ်လို့လည်း Mr. Murphy ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG