သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည်များ စခန်းချရေး ကုလအရှိန်မြှင့်


ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ယာယီကယ်ဆယ်ရေးစခန်း။ (စက်တင်ဘာ ၂၂-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ယာယီကယ်ဆယ်ရေးစခန်း။ (စက်တင်ဘာ ၂၂-၂၀၁၇)

ပြီးခဲ့တဲ့ သြဂုတ်လ(၂၅)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေး ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာဒုက္ခသည် အရေအတွက်(၄သိန်း-၃ သောင်း)နီးပါး ရှိနေပြီလို့ ကုလသမဂ္ဂ က ခန့်မှန်းထား ပါတယ်။ ဒုက္ခသည်ဦးရေ သန်းတဝက်နီးပါးဟာ ဖြစ်သလိုနေရာမှာ ဆိုးဆိုးဝါးဝါးအခြေအနေ ရင်ဆိုင်နေရပြီး အကူအညီတွေ အပူတပြင်း လိုအပ်နေတာကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလဲ အရေးပေါ်အကူညီတွေပေးဖို့ တိုးမြှင့်လုပ်ဆောင်နေတဲ့အကြောင်း ဂျီနီဗာမြို့ကနေ Lisa Schlein ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေ့စဉ် ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် အမြင့်ဆုံး(၂)သောင်းကနေ (၁)ထောင်လောက်ထိ ကျဆင်း သွားပါတယ်။ ဝင်လာတဲ့ ဒုက္ခသည်ဦးရေ သိသိသာသာ ကျဆင်းသွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှိထားပြီးသား ရိုဟင်ဂျာဒုက္ခသည် စခန်းတွေ နားမှာ ခုနောက်ဆုံးဖွင့်လိုက်တဲ့ ဒုက္ခသည်စခန်းသစ်ထဲ ပြွတ်သိပ်နေတဲ့ အခြေအနေကို အနည်းငယ် သက်သာရာ ရစေပါတယ်။

အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် စတုရန်းမီတာ(၈၀၀) အကျယ်ရှိတဲ့ စခန်းသစ်ကို ဘင်္ဂလားအာဏာပိုင်တွေက သုံးခွင့်ပေးထားပါတယ်။ မုတ်သုန်မိုးနဲ့ လေဒဏ်ကို ကာကွယ်နိုင်ဖို့ ဒုက္ခသည်တွေ ပလပ်စတစ်ရွက်ဖျင်တွေရအောင် တတ်နိုင်သမျှ ဝေငှပေးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR က ပြောပါတယ်။

ဆိုရွားတဲ့ရာသီဥတု၊ လူဦးရေထူထပ်မှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြသနာအတွက် အထူးစိုးရိမ် နေရတယ်လို့ UNHCR ပြောခွင့်ရ Andre Mahecic ကပြောပါတယ်။

"ဒီမှာက ကူးစက်ရောဂါအန္တရာယ် ရှိပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ စိတ်ဖိစီးမှု လျော့ကျသွားဖို့အတွက် ဒီစခန်းက သိပ်ကို အရေးကြီးပြီး၊ ဒီစခန်းသစ်မှာ မိလ္လာစနစ်နဲ့ သောက်ရေသန့် စတာတွေ စနစ်တကျဆောင်ရွက်ပေးဖို့ လိုပါတယ်။"

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရေကြောင့်ဖြစ်တတ်တဲ့ ဝမ်းလျှောနဲ့ ကာလဝမ်းရောဂါ၊ သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျား စတဲ့ကူးစက်ရောဂါ အန္တရာယ်နဲ့ ကြုံလာရနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောခွင့်ရအမျိုးသမီး Fadela Chaib ကပြောပါတယ်။

"သူတို့ ထိခိုက်ဒဏ်ရာ ရမှာကိုလည်း စိုးရိမ်မိပါတယ်။ ဒါအတွက် သူတို့ ဂရုစိုက်ဖို့လိုပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ ကလေးက အနည်းစုသာရှိပြီး ၊ မိသားစုထဲမှာ ကလေးက များပြီး အဟာရချို့တဲ့ နေမယ်ဆိုရင်၊ ပြီးတော့ ကွင်းပြောင်ကြီးထဲမှာ နေကြရတော့၊ ဝက်သက်ရောဂါ ဖြစ်လာနိုင်သလို၊ အခြား ကလေးငယ်တွေကိုပါ ကူးစက်နိုင်ချေ အရမ်းများပါတယ်။"

ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွက် ကူးစက်ရောဂါ ပျံ့ပွားမှုတားဆီးရေး ဝန်ထမ်းတွေကို ဒီစခန်းမှာ စတင်လုပ်ဆောင်နေကြောင်း WHO ပြောခွင့်ရ Chaib ကပြောပါတယ်။ ရေသန့်ဆေးပြား(၂)သန်းနဲ့ ဝမ်းရောဂါကာကွယ်ဆေး(၂)သောင်းကို ဖြန့်ဝေထားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကစလို့ ဝက်သက် နဲ့ ပိုလီယိုရောဂါ ကာကွယ်ဆေးတွေ ထိုးပေးနေပြီး၊ ကလေးငယ်(၁)သိန်းခွဲအထိ ထိုးပေး ပြီးဘီလို့ သူမကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG