သုံးရလွယ်ကူစေသည့် Link များ

ဒုက္ခသည်ကူညီရေး ICRC နှင့် ပူးပေါင်းဆောင်ရွက်မည်


ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နှင့် VOAတွေ့ဆုံ မေးမြန်းစဉ်

ရခိုင်အရေးမှာ ပြည်ပက ပြောဆိုလုပ်ဆောင်မှုတွေကို ယခင်စစ်အစိုးရတွေလက်ထက်တုန်းကလို မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ သဘောမထားပဲ ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးကျော်တင်က ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေလက်ထဲ လူသားချင်းစာနာမှုဆိုင်ရာအကူညီတွေ ရောက်ရှိနိုင်ရေးနဲ့ပတ်သက်ပြီးလည်း ICRC ခေါ် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကနေတဆင့် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုရောက်ရှိလာတဲ့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနဲ့အတူ လိုက်ပါလာတဲ့ ဦးကျော်တင်ကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ကို ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းချိန်ပြောကြားခဲ့တာပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့အခါ ကိုသားညွန့်ဦးက အခုလိုပြောပြပါတယ်။

ကိုသားညွန့်ဦး။ ။ ဒုတိယသမ္မတဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ကတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ရှင်းလင်းပြောဆိုမှုတွေ၊ နောက် ၂ နိုင်ငံ သီးခြားတွေ့ပြီးတော့ ရှင်းလင်းပြောဆိုမှုတွေ သူတို့ တောက်လျောက်လုပ်နေတယ်လို့ သိရပါတယ်။ ဟိုတနေ့ကဆိုရင်လည်း ဗြိတိန်နိုင်ငံက ဦးဆောင်ပြီးတော့ခေါ်ယူတဲ့ Informal meeting ပေါ့နော် ၊ နိုင်ငံတကာမှာရှိတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့နိုင်ငံတွေ နောက်ပြီးတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေပါဝင်တဲ့ ဆွေးနွေးပွဲတရပ် သူတို့လုပ်ခဲ့တယ်လို့ ပြောပါတယ် အဲဒီဆွေးနွေးပွဲမှာလည်း ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူတို့ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီကနေ့ဆိုရင်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ ညနေပိုင်းမှာ ၂ ဖက်အပြန်အလှန် သီးခြားဆွေးနွေးပွဲသူတို့ရှိတယ်လို့ သိရပါတယ်။

အဓိကတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေ၊ နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က သူတို့ပြောနေတဲ့ ဒုက္ခသည် ၄ သိန်းကိစ္စ ၊ နောက်တခုက နယ်စပ်ကိစ္စတွေကို အပြန်အလှန်ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ အသေးစိတ်တော့မသိရပါဘူး။ ဒါပေမယ့် ခုနက ကျနော်ပြောသွားသလိုပါပဲ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ကတော့အထူးသဖြင့် ရခိုင်အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာခေါင်းဆောင်တွေကို သူတို့ တွေ့ဆုံပြောဆိုနေတယ် အဓိကတော့ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ သတင်းတွေပေါ့နော် အဲဒါတွေနဲ့ ပတ်သက်လို့ တကယ်တမ်း မှန်ကန်မှုမရှိဘူးဆိုတဲ့ဟာမျိုး သူတို့ဘက်က ဖြေရှင်းပြောဆိုနေတယ်ဆိုတာကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကနေ ပြောပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ကုလသမဂ္ဂမှာ အမေရိကန်ကဆိုရင် ဒီမြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေါ့ ဒေါ်လာ ၃၂ သန်းပေးသွားမယ်လို့ သူတို့ ကတိပေးခဲ့တယ်ပေါ့လေ၊ ဒါ့အပြင်ကို တခြားနိုင်ငံခေါင်းဆောင်တွေ ကြည့်လိုက်ရင်လည်း ဒီမြန်မာပြည်အကြောင်း ရခိုင်ကိစ္စတွေကို ဝေဖန်ဆွေးနွေးကြတာတွေ တွေ့ရတယ်။ ဆိုတော့ ဒီလိုနိုင်ငံတကာရဲ့ ပြောဆိုဝေဖန်မှုတွေ အပေါ်မှာ မြန်မာကိုယ်စားလှယ် ဘက်ကပေါ့ မြန်မာနိုင်ငံဘက်ကပေါ့ ဘယ်လိုသဘောထားတွေရှိတယ်ဆိုတာ တွေ့ရပါသလဲ။

ကိုသားညွန့်ဦး။ ။အဲဒါနဲ့ ပတ်သက်လို့ ပထမဦးဆုံးတချက်ကတော့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ပေါ့ ။အဲဒါနဲ့ ပတ်သက်လို့ ကျနော် ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို မေးကြည့်ပါတယ်။ သူတို့ပြောတာကတော့ ဘာပဲပြောပြော လူသားချင်းစာနာမှုအကူအညီ ၃၂ သန်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပေးမယ်ဆိုတဲ့ အခြေအနေပေါ့နော်၊ ဒီအခြေအနေနဲ့ ဒုက္ခသည်တွေကို ကူညီမယ်ဆိုတဲ့အခြေအနေကို ကြိုဆိုမယ်ဆိုတာကို ပြောပါတယ်။

ဒါပေမယ့် တဖက်မှာ ပဋိပက္ခကြောင့်မို့လို့ အကျပ်အတည်း ကြောင့် ဒုက္ခဖြစ်ခဲ့တဲ့ ၂ ဖက်စလုံးကို မျှမျှတတနဲ့ အကူအညီတွေ ပေးနိုင်ဖို့ သူတို့ဘက်က လိုလားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တိုင်းရင်းသားဒုက္ခသည်တွေကိုလည်း မျှမျှတတပေးနိုင်ဖို့ လိုမယ်ဆိုတာ သူတို့ထောက်ပြပါတယ်။ တခုထူးခြားတာက ဒီနိုင်ငံတကာကပြောဆို ဝေဖန်မှုနဲ့ ပတ်သက်ပြီးတော့ ကျနော် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ စကားပြောဖြစ်တဲ့အခါမှာ ဟိုအရင်အစိုးရလက်ထက်ကလိုမျိုး သဘောထားမျိုးတော့ မဟုတ်ပါဘူး။ သူတို့နည်းနည်းပြောင်းသွားတာ တွေ့ရပါတယ်။ သူကိုယ်တိုင်လည်းပြောပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေးဝင်စွက်ဖက် သလိုဖြစ်နေလား၊ ဒါနဲ့ ပက်သက်ပြီး သူတို့ အဲဒီအသုံးအနှုန်းကို ရှောင်ပြီးသုံးပါတယ်။ ပြည်တွင်းရေးဝင်စွက်ဖက်တာ ဒီအစိုးရသစ်လက်ထက်မှာ ကျနော်တို့ မသုံးပါဘူးတဲ့၊ ဘာပဲပြောပြော နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို သူတို့နားလည်တယ် ဒါကို ပူးပေါင်းဆောင်ရွက်တာကို ဖိတ်ခေါ်တယ် ဆိုတော့ ဒီအခြေအနေကို ပါးပါးနပ်နပ်နဲ့ သံတမန်ရေးနည်းလမ်းအရ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ဒီနေရာမှာပေါ့လေ တနေ့တုန်းကဆိုရင် စစ်တွေမှာ ICRC ရဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတင်တဲ့ စက်လှေတစင်းကို မြို့ခံတွေကနေပြီးတော့ ၀ိုင်းတားတာမျိုး ၊ မငြိမ်မသက်ဖြစ်တာမျိုးတွေအထိ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ရခိုင်ပြည်နယ်မှာရှိတဲ့ ၂ ဖက်အဖွဲ့အစည်းရဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မြန်မာအစိုးရကနေ ဘယ်လိုကူညီဆောင်ရွက်သွားမယ်ဆိုတာကိုရော ပြောပြပါသလား။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ပြောပါတယ် မြန်မာအစိုးရဘက်က ပြောနေတာကတော့ အကူအညီတွေကို မြန်မာနိုင်ငံထဲပေးတဲ့နေရာမှာ မြန်မာအစိုးရအနေနဲ့ သူတို့ မြန်မာအစိုးရက ဦးဆောင်ပြီးတော့ ကြက်ခြေနီလှုပ်ရှားမှုပေါ့နော် အထူးသဖြင့်တော့ ICRC ကိုသူတို့ပြောတာက နိုင်ငံရေးအရ ဘက်မရှိတဲ့ တကယ့်ကို ကြားနေနိုင်တဲ့ အဖွဲ့အစည်းတရပ်လို့ သူတို့မြင်တယ်၊ ဒီအတွက်ကြောင့်မို့လို့ ICRC ကိုရွေးပြီးတော့ ၂ ဖက်စလုံးကို မျှမျှတတ ပေးဖို့အတွက် လုပ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် ခုနက ကိုဥာဏ်ဝင်းအောင်မေးခဲ့သလိုပဲ မနေ့က ဖြစ်တဲ့ ပြဿနာအခြေအနေမျိုးဖြစ်တဲ့အခါကျတော့ ကူညီပေးမှုတွေကို ထိခိုက်နိုင်မှုမရှိဘူးလားလို့မေးပါတယ်။ အဲဒီတော့ သူအဲဒါလည်းပြန်ဖြေပါတယ်။ သူကတော့ ပြောတာကတော့ သူတို့မှာ အကျပ်အတည်းတော်တော်များများရှိပါတယ်၊ ဒေသခံတွေရဲ့နားလည်မှု လွဲနေတဲ့အခြေအနေတွေပေါ့နော် အဲဒီတော့ ဒီအခြေအနေတွေ ကို သူတို့ အတတ်နိုင်ဆုံးဖြေရှင်းနေပါတယ်၊ ခုနကပြောသလို မနေ့ကလို ပြဿနာမျိုးဆိုရင် တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဘောင်ထဲကနေ သူတို့ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။ တဖက်မှာ ဒီလိုအခက်အခဲတွေ အကျပ်အတည်းတွေရှိနေပေမယ့်လည်း အဓိက ဒေသအတွင်းမှာ အကူအညီတွေပေးဖို့ သူတို့အနေနဲ့ ကျော်လွှား နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြောသွားပါတယ်။"

ကိုဉာဏ်ဝင်းအောင်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ကို ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG