ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ် အတင်းအကျပ် ပြန်မပို့သင့်ဘူး လို့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောကြား လိုက်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့ဆန္ဒအလျောက်သာ နေရပ်ပြန်သင့်ကြောင်းနဲ့ အဲဒီလို ပြန်တဲ့အခါမှာလည်း ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့်သင့်ကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ သြဂုတ်လ ၂၅ ရက်နေ့က ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့် လုံခြုံရေးစခန်း ၃၀ ကျော်ကို တပြိုင်ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ နောက်ဆွဲအဖြစ် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင် တာကြောင့် အဲဒီ ဒေသမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀,၀၀၀ ကျော် ထွက်ပြေး ခဲ့ရတဲ့ ဖြစ်ရပ်ဟာ သူတို့အဆို Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးပြုန်း ရှင်းလင်း သုတ်သင်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုနေတာ ဖြစ်ပါတယ်။
Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ အဲဒီ ဒုက္ခသည်တွေ အတင်းအကျပ် နေရပ် ပြန်ပို့မခံရရေး နိုင်ငံတကာ အသိုင်းဝိုင်းက ကူညီ လုပ်ဆောင်သင့်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
T. Kumar ဟာ A.I. အဖွဲ့ရဲ့ တောင်အာရှဆိုင်ရာ ညွန်ကြားရေးမှူး ဖြစ်ပါတယ်။
“ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် အတင်းအကျပ် ပြန်ပို့မယ့် အစီအစဉ်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကန့်ကွက်ပါတယ်။ ကျနော်တို့အနေနဲ့ ဘာကြောင့် ကန့်ကွက်ရသလဲဆိုတော့ - သူတို့ ပြန်သွားတဲ့အခါ လုံခြုံမှု မရှိဘူး၊ ညှဉ်းပန်း နှိပ်စက်ခံရနိုင်တယ်လို့ ရိုဟင်ဂျာတွေအနေနဲ့ ယူဆရင် သူတို့ကို အတင်းအကျပ် ပြန်မပို့သင့်ပါဘူး။ ဒါဟာ နိုင်ငံတကာ စံနှုန်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ချုပ်ဆိုမယ့် ဘယ်လို သဘောတူညီချက်မျိုးဘဲဖြစ်ဖြစ် ဒီအချက်ကို ထည့်သွင်း စဉ်စားရမှာ ဖြစ်ပါတယ်။”
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ ၁ ရက်ကနေ ၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေအရေး ဆွေးနွေးတာမှာ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၉ ရက်နေ့က ပြောကြားခဲ့တဲ့အတိုင်း မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို စိစစ်ရန်နှင့် ပြန်လည် ပို့ဆောင်ရန်ကိစ္စတွေ ဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်တွေအတိုင်း ၁၉၉၂ ခုနှစ် စက်တင်ဘာလကစလပြီး ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ အိမ်ထောင်စု (၄၆,၉၉၃) စုက လူဦးရေ (၂၃၆,၄၉၅) ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ မြန်မာနိုင်ငံ ဘက်ကို ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်တဲ့အကြောင်း၊ ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးက ရရှိခဲ့တဲ့ နှစ်ဖက် သဘော တူညီချက်တွေ အတိုင်း ကွဲကွာနေတဲ့ မိသားစုတွေနဲ့ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အသိအမှတ်ပြုတဲ့ တရားဝင် စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်ကြောင်းတို့ကို ဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်း ပြောကြားခဲ့ကြောင်း မြန်မာအစိုရက သတင်းထုတ်ပြန်ထားပါတယ်။
ဒုက္ခသည်တွေ ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ နှစ်နိုင်ငံ အစိုးရက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို ပြန်လာနိုင်ရေးအတွက် စိစစ်ရေး အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရက ပြောထားတာကြောင့် အဲဒီလို လုပ်ဆောင်မှုကို နိုင်ငံတကာက လေ့လာသူတွေ စောင့်ကြည့်ဖို့ လိုတယ်လို့လည်း T. Kumar က ထောက်ပြပါတယ်။
“မြန်မာနိုင်ငံဘက်ကို ပြန်လာကြမယ့် ဒုက္ခသည်တွေ ရခိုင်ပြည်နယ်က လာတဲ့သူတွေ ဟုတ်မဟုတ်ဆိုတာနဲ့ သူတို့ ဘယ်သူတွေဖြစ်တယ် ဆိုတာကို စိစစ်ဖို့လိုကြောင်း မြန်မာအစိုးရက ပြောထားတာ ရှိပါတယ်။ ပထမအချက်အနေနဲ့ အဲဒီလို စိစစ်မှုဟာ ဘက်လိုက်မှု မရှိဘူးဆိုတာနဲ့ လုပ်ငန်းစဉ်ဟာ မျှတမှု ရှိမရှိဆိုတာတွေကို ကုလသမဂ္ဂလို နိုင်ငံတကာက သီးခြား လေ့လာသူတွေ စောင့်ကြည့်ဖို့ လိုပါတယ်။ အဲဒီလို စိစစ်တာကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က လုပ်ကြမှာပါဘဲ။ ဒုတိယ အချက်ကတော့ အခုတကြိမ်လိုမျိုး ထပ်မဖြစ်အောင် ပြန်လာတဲ့ ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ အကာကွယ်ပေးဖို့ လိုအပ်ပါတယ်။”
ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘေးကင်း လုံခြုံစေမယ့် အခြေခံ အကြောင်းအချက်တွေထဲမှာ - သူတို့ကို စစ်တပ်၊ ပြည်သူ့စစ်နဲ့ တခြား ပုဂ္ဂိုလ်တွေက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မပြုလုပ်တာ၊ သူတို့ဟာ မျိုးနွယ်စုဝင် တခုဖြစ်တဲ့အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွဲခြား ဆက်ဆံခြင်း မပြုဘို့ဆိုတဲ့ အချက်တွေ ပါဝင်တယ်လို့ T. Kumar က ပြောပါတယ်။
ဒုက္ခသည်တွေ ဘေးကင်းလုံခြုံရေးအတွက်ကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အပြင် ARSA အဖွဲ့အပေါ်မှာလည်း တာဝန်ရှိကြောင်း T. Kumar က ပြောပါတယ်။
“ပြန်လာကြမယ့် ဒုက္ခသည်တွေ ဘေးကင်းလုံခြုံရေးအတွက် မြန်မာစစ်တပ်နဲ့ ARSA တို့မှာတင် တာဝန်ရှိတာ မဟုတ်ဘဲ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အပြင် နေရပ်ပြန်တဲ့ အစီအစဉ်ကို စောင့်ကြည့်နေကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း တာဝန်ရှိပါတယ်။”
အခုထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဆိုသူတွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရောက်နေကြသူတချို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ဝင်ရောက်လာကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်တယ်လို့ မြန်မာအစိုးရ အပါအဝင် ရခိုင်ဒေသခံတွေနဲ့ မြန်မာနိုင်ငံသား အတော်များများက ယူဆ ပြောဆိုနေကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ T. Kumar အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“ဘယ်သူတွေက ရိုဟင်ဂျာဖြစ်တယ်၊ အခုနောက်ဆုံး ပဋိပက္ခ ပြန်မစခင်မှာ ရခိုင်ပြည်နယ် အတွင်းမှာ ဘယ်သူတွေ နေထိုင်ခဲ့ကြတယ် ဆိုတဲ့ ပြောဆိုမှုတွေကို ဒီလူတွေ နေရပ်ပြန်ရေးအတွက် စိစစ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်မှုကို နိုင်ငံတကာ အသိုင်းဝိုင်းကလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဘက်လိုက်မှု မရှိဘူးဆိုတာကို ပြသဖို့အတွက် ဒီအတိုင်းဘဲ လုပ်ဆောင်သင့်ပါတယ်။ စိစစ်ရေး လုပ်ငန်းစဉ်ကို သန့်သန့်ရှင်းရှင်း လုပ်ဆောင်နိုင်မှသာ ရခိုင်ပြည်နယ်မှာ အမှန်တကယ် နေခဲ့တဲ့သူတွေ ပြန်နေနိုင်မှာ ဖြစ်ပါတယ်။ သူတို့တွေ တရားဝင် နေထိုင်တဲ့ သူတွေ ဟုတ်မဟုတ် ဆိုတာကတော့ နှစ်ဘက် အစိုးရတွေအပြင် နိုင်ငံတကာ အသိုင်းဝိုင်းက ဝိုင်းပြီး ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို ပြန်လာရေးအတွက် အထောက်အထား ပြနိုင်ရမယ်လို့ မြန်မာ အစိုးရက ပြောထားတာကြောင့် ပဋိပက္ခဖြစ်စဉ် ကိုယ်လွတ်ရုံး ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေအနေနဲ့ စာရွက် စာတမ်း အထောက်အထားတွေ သယ်သွားနိုင်ဖို့ အခက်အခဲ ရှိနိုင်တာကြောင့် လိုအပ်တဲ့ အထောက်အထားတွေ ပြနိုင်ဖို့ အခက်အခဲ ရှိနိုင်တယ်ဆိုပြီး နိုင်ငံတကာ အသိုင်းဝိုင်းက သူတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုနေကြပါတယ်။