သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းလိုသူတွေကို အင်ဒိုနီးရှားအစိုးရ ဟန့်တား


အင်ဒိုနီးရှားရဲများကို လေဆိပ်တွင်တွေ့ရစဉ်
အင်ဒိုနီးရှားရဲများကို လေဆိပ်တွင်တွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းချင်တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ မြန်မာနိုင်ငံ မသွားနိုင်အောင် အင်ဒိုနီးရှားအစိုးရက စောင့်ကြည့်တားဆီးမှုတွေလုပ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံထဲက အစွန်းရောက်အဖွဲ့တွေကြားမှာ ရခိုင်ပြည်နယ်ဖက်ကို သွားချင်နေသူတွေ အများအပြားရှိနေတယ်ဆိုတာ သိရပြီးနောက်မှာ အစိုးရက ခုလိုဆောင်ရွက်နေတာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ IS စစ်သွေးကြွတွေ အခိုင်အမာခြေကုပ်ယူနိုင်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ မဖြစ်အောင် အင်ဒိုနီးရှားနိုင်ငံဖက်က ကြိုးစားကာကွယ်နေတဲ့အကြောင်း VOA အင်ဒိုနီးရှားဌာနရဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းချင်တဲ့ အင်ဒိုနီးရှားနိုင်ငံသား အများအပြားရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြမ်းဖက်မှု တန်ပြန်ရေးအေဂျင်စီ BNPT အကြီးအကဲ ရဲချုပ် Suhardi Alius က စက်တင်ဘာ ၂၇ ရက်နေ့က သတင်းထောက်တွေကို Jakarta မြို့တော်မှာ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားကနေ မြန်မာနိုင်ငံ သွားတဲ့သူတွေကို အင်ဒိုနီးရှားအကြမ်းဖက်မှုတန်ပြန်ရေးအဖွဲ့က စောင့်ကြည့်နေပေမဲ့ ခုချိန်အထိ ရခိုင်ပြည်နယ်ဖက်သွားတဲ့ အင်ဒိုနီးရှားတယောက်မှာ မရှိသေးဘူးလို့ ပြောပါတယ်။

ရိုဟင်ဂျာအရေးကြောင့် အင်ဒိုနီးရှားနိုင်ငံထဲက အစွန်းရောက်အဖွဲ့တွေ တခုနဲ့တခု စုစည်းမိသွားမှာကို အစိုးရက အလေးထား အားထုတ်ကာကွယ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ အဖွဲ့အစည်းရေးရာဆိုင်ရာ အထူးအကြံပေး Salman Al-Farisi ကပြောကြားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်းရဲ့ မြို့တော် Marawi ကို IS စစ်သွေးကြွအဖွဲ့သစ္စာခံ အကြမ်းဖက်အဖွဲ့တွေက ထိန်းချုပ်ပြီး အခိုင်အမာခြေကုပ်ယူထားတဲ့အတွက် ဖိလစ်ပိုင်စစ်တပ်က မြို့ကိုပြန်သိမ်းနိုင်ဖို့ တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အာရှဒေသတွင်း နောက်ထပ်အကြမ်းဖက်ဝါဒီတို့ရဲ့တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် အင်ဒိုနီးရှားနိုင်ငံက တက်တက်ကြွကြွ ကာကွယ်တားဆီးနေပြီး မြန်မာနိုင်ငံရဲ့ ပြဿနာကို အာဆီယံမူဘောင်အတွင်းကနေ ဖြေရှင်းဖို့ဖိတ်ခေါ်ထားပါတယ်။

"ရခိုင်ပြည်နယ်ကို Marawi မြို့လို IS စစ်သွေးကြွတွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာ နောက်တခုဖြစ်လာမှာမျိုး ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။ ကျွန်တော်တို့ ကာကွယ်ရပါမယ်။ ဒေသတွင်းမှာ IS စစ်သွေးကြွတွေ အားကောင်းလာမှာကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင် Marawi မှာကို အခု IS တွေရောက်နေပါပြီ။ ARSA ကလည်း IS နဲ့ပေါင်းမိဖို့ နီးစပ်နေပါတယ်။ ဒီအခြေအနေကို ကျွန်တော်တို့ တားဆီးရပါမယ်။"

မြန်မာနိုင်ငံကို စေတနာ့ဝန်ထမ်းအဖြစ်သွားလိုသူတွေစာရင်းပေးဖို့ တောင်းဆိုထားတဲ့ အင်ဒိုနီးရှားနိုင်ငံက အဖွဲ့တွေထဲမှာ Islamic Defenders Front အတိုကောက် FPI ဆိုတဲ့ဘာသာရေးအစွန်းရောက် အဖွဲ့လည်းပါဝင်ပါတယ်။ ဒီအဖွဲ့က အင်ဒိုနီးရှားနိုင်ငံကို အစ္စလာမ်ဘာသာအခြေခံတဲ့ Sharia ဥပဒေနဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်အောင် ရည်ရွယ်ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဘာသာရေးနဲ့ အစွန်းရောက်အမြင်တွေကို အင်တာနက်ပေါ်မှာ ဝါဒဖြန့်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့တလလောက်ထဲက စာရင်းကောက်ခံမှုတွေ စလုပ်နေတာမှာ နာမည်စာရင်းပေးသူအများအပြားရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဥပဒေရေးရာညှှိုနှိုင်းရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး Wiranto ကတဆင့် FPI အဖွဲ့ဝင်တွေ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့ဝင်တွေ မြန်မာနိုင်ငံမသွားအောင် အင်ဒိုနီးရှားအစိုးရက တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ FPI ကို ၁၉၉၈ ခုနှစ်မှာ တည်ထောင်ခဲ့ချိန်က ဗိုလ်ချုပ်ကြီး Wiranto ရဲ့ထောက်ခံမှုရခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းတွေက ဖော်ပြပါတယ်။ FPI အဖွဲ့ဌာနခွဲတွေက မြန်မာနိုင်ငံသွားလိုသူတွေကို စာရင်းကောက်ခဲ့တဲ့ထဲမှာ Central Java ပြည်နယ်က Klaten ဆိုတဲ့ မြို့လေးမှာရှိတဲ့ FPI ဌာနခွဲလည်းပါဝင်ပါတယ်။ အဲဒီက FPI အဖွဲ့တာဝန်ရှိသူ Suyadi al Abu Fatih ကတော့ လူသားချင်းစာနာတဲ့ အကူအညီပေးဖို့စာရင်းကောက်တာလို့ ဆိုပါတယ်။

"Klaten တခုတည်းမှာ မဟုတ်ပါဘူး။ အာချေး၊ Pasuruan နဲ့ Riau ပြည်နယ်တွေမှာလည်း စာရင်းတွေကောက်ခဲ့ပါတယ်။ Klaten မှာတော့ မြန်မာနိုင်ငံကို သွားဖို့အဆင်သင့်ရှိနေတဲ့ မူဂျာဟစ် အဖွဲ့ဝင်တွေကို စာရင်းကောက်တာပါ။ ကျွန်တော်တို့ လျှောက်လွှာတွေ ပြင်ဆင်ချိန်ထဲက မှတ်ပုံတင်ချင်လို့ မေးမြန်းကြသူ တော်တော်များများရှိပါတယ်။ ဒါပေမဲ့ ဌာနချုပ်က ညွှန်ကြားချက်စောင့်နေရတာမို့ လျှောက်လွှာတွေကို စ လက်မခံသေးပါဘူး။ အတိအကျစာရင်း မပြုစုရသေးပေမဲ့ စိတ်ဝင်စားလို့ စာရင်းပေးထားသူတွေရဲ့ နာမည်တွေရထားပါတယ်။ သူတို့က လူသားချင်းစာနာတဲ့ အကူအညီပေးချင်ကြတဲ့ စေတနာ့ဝန်ထမ်းတွေပါ။"

မြန်မာနိုင်ငံသွားချင်သူတွေရဲ့ ကုန်ကျစရိတ်အတွက် သူတို့အဖွဲ့က ဆက်ပြီးအလှူကောက်ခံနေပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက 4+1 Formula ဆိုတဲ့အကြံပြုချက်တခုကို အဆိုပြုထားပါတယ်။ ဖော်မြူလာ ၄ ခုဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပြန်လည်တည်ဆောက်ဖို့ အကြမ်းဖက်မှုကင်းစွာနဲ့ အခြေအနေကို ထိန်းဖို့ လူမျိုး ဘာသာမရွေး ရခိုင်ပြည်နယ်ထဲမှာရှိသူအားလုံးကို ခြွင်းချက်မရှိ အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ဖြစ်ပါတယ်။

+ 1 ဖော်မြူလာကတော့ Mr. Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ရေးဖြစ်ပါတယ်။ August လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတပ်တွေဖက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ဆိုပြီး Bangladesh နိုင်ငံဖက်ကို ရိုဟင်ဂျာမူဆလင် သိန်းနဲ့ချီထွက်ပြေးခဲ့ကြပါတယ်။

ကမ္ဘာမှာ မူဆလင်အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပြည်တွင်းဖိအားကြောင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကနေပြည်တော်ကို စက်တင်ဘာ ၄ ရက်နေ့က သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်က ရခိုင်ပဋိပက္ခဖြေရှင်းရေးအတွက် ခုလို 4+1 Formula ကို အင်ဒိုနီးရှားအစိုးရက အကြံပြုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG