မလေးရှားနိုင်ငံက တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေကို ဂျူလိုင် ၁ရက် စနေနေ့က စတင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စီမံချက်ချ ပိုက်စိတ်တိုက်ရှာဖွေ ဖမ်းဆီးနေတာမှာ မြန်မာအလုပ်သမား အများအပြား အဖမ်းခံခဲ့ရပါတယ်။ စနေနေ့ည သန်းခေါင်ယံအချိန်ထိ မလေး လ.၀.က အမှုထမ်းတွေက စစ်ဆင်ရေးတခုသဖွယ် လိုက်လံဖမ်းဆီးနေတာကိုလည်း လူမှုကွန်ယက် မီဒီယာက ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။
Perak ခရိုင်မှာ မလေး(လ၀က)က စနေနေ့ မွန်းလွဲပိုင်းအထိ အစားအသောက် စက်ရုံ တခုနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာတခုတို့ကို ဝင်ရောက်ဖမ်းဆီးရာမှာ တရားမဝင် အလုပ်သမား(၄၀) ဖမ်းမိခဲ့ပြီး၊ မြန်မာနိုင်ငံသားက(၂၃)ဦး၊ အင်ဒိုနီးရှား(၇)ဦး၊ ဘင်္ဂလားဒေ့ခ်ျ (၈)ဦးနဲ့ နီပေါနိုင်ငံသား (၂)ဦးတို့ အဖမ်းခံရပါတယ်။
Selangor ပြည်နယ်ထဲက Jati Kiri နဲ့ Kapar ဒေသတွေမှာ မလေး(လ၀က)က စနေည သန်းခေါင်အချိန် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၅၁ ဦးဖမ်းမိခဲ့ပြီး အဲဒီထဲမှာ မြန်မာ(၄)ဦး ပါဝင်တယ်လို့ မလေး-လ၀က ညွှန်ချုပ် Seri Mustafar Ali က ပြောပါတယ်။ အဲဒီထဲက အများစုဟာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသားတွေဖြစ်ပြီး ပရိဘောဂနဲ့ ပလပ်စတစ် စက်ရုံတွေမှာ လုပ်နေကြတာပါ။ Johor, Kelantan, Terengganu မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာလည်း ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။
တရားမဝင် အလုပ်သမားတွေကို တရားဝင်အဖြစ် ငှားရမ်းနိုင်ဖို့အတွက် မလေးအစိုးရက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလမှာ နိုင်ငံခြားအလုပ်သမားတွေ အတွက် အလုပ်သမားမှတ်ပုံတင် E-card တွေကို ထုတ်ပေးခဲ့ပါတယ်။ အဲဒီကဒ် လျှောက်ထားခွင်ဟာ ဇွန်လ ၃၀ နေ့မှာ ကုန်ဆုံးသွားပြီဖြစ်လို့ ဂျူလိုင် (၁)ရက်ကစပြီး ဖမ်းဆီးမှုတွေ လုပ်ရတာဖြစ်ကြောင်း မလေး(လဝက)ကပြောပါတယ်။
မလေးအလုပ်သမား E-card ကို အခမဲ့ ထုတ်ပေးခဲ့တာဖြစ်ပြီး၊ ဒီကဒ်ရဲ့ တရားဝင် သက်တမ်းဟာ ၂၀၁၈ ဖေဖေါ်ဝါရီလအထိ ဖြစ်ပါတယ်။