သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလဝက ဖမ်းဆီးခံ မြန်မာ ၆၀ ဌာနေပြန်နိုင်ရေး သံရုံးကူညီ


(ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)
(ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)

မလေးရှားနိုင်ငံ Belantik လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက နိုင်ငံသား ဟုတ် မဟုတ် စိစစ်မှုတွေလုပ်ပြီးတဲ့ ၉၆ ယောက်ထဲက အယောက် ၆၀ ကို ဇန်နဝါရီလကုန်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံံမှာ အလုပ်သွားလုပ်ပြီး ဗီဇာသက်တမ်းကုန်သွားသူတွေ၊ မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်သူတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားတာပါ။ ဒီထဲက ၉၆ ဦး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိန်းသိမ်းရေးစခန်းတွေမှာ သွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီနောက်မှာတော့ ဇန်နဝါရီလကုန်ပိုင်းကစပြီး လူ ၆၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ကြောင်း အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

မလေးရှားမှာ ဖမ်းဆီးခံရသူတွေကို စစ်ဆေးပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မည်သူမည်ဝါဖြစ်ကြောင်း သက်သေ အထောက်အထားကို ထုတ်ပေးခဲ့တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ ဦးမျိုးအောင် က ပြောပါတယ်။

(ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)
(ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ကွာလာလမ်ပူ)

“မလွှတ်ခင်မှာ မိတဲ့ကလေးတွေကို အချက်အလက်တွေ ယူပြီးတော့ မြန်မာပြည်ကိုပို့ပြီးတော့ နိုင်ငံသား ဟုတ် မဟုတ် စစ်မှာပေါ့နော်။ လဝကမှာ စစ်ပြီးတော့မှ သူတို့က သေချာပြီဆိုတော့မှ သံရုံးကနေ အထောက်အထား တခုခု ထုတ်ပေးလိုက်တာလေ။ ထုတ်ပေးပြီးတော့မှ ပြန်လာခိုင်းတာပေါ့နော်။ ကမ္ဘောဒီးယားတွေ၊ လာအိုတွေ၊ ဖိလစ်ပိုင်တွေနဲ့က ရုပ်တွေက သိပ်မှမကွဲဘဲကိုး။ သူတို့ပေးတဲ့ အထောက်အထားတွေနဲ့ ဒီမှာရှိတဲ့ မြို့ရွာ၊ အမျိုးအဆွေတွေ မှန်သလားပေါ့နော် အဲဒါမျိုးတွေ စစ်ပြီးမှ ထုတ်ပေးတာပေါ့နော်။ ဟိုမှာ စခန်းဖွင့်ပြီး လုပ်ပေးနေပေမဲ့လည်း လာမလုပ်ဘဲနဲ့ တရားမဝင်လူတွေကလည်း ရှိနေသေးတာ။”

မလေးရှားဆိုင်ရာ မြန်မာသံရုံးက ဝန်ထမ်းတွေဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ သွားရောက်ပြီး စိစစ်မှုတွေ လုပ်အပြီးမှာ ကျန်းမာရေးချို့ယွင်းသူ ၂ ဦး၊ အသက်အရွယ်ကြီးရင့်သူ ၄ ဦး၊ အသက် ၁၈ နှစ်အောက် လူငယ် ၃ ဦး၊ ထိန်းသိမ်းရေးစခန်းမှာ နှစ်အတော်ကြာ ထိန်းသိမ်းခံထားရသူ ၂ ဦး၊ မှတ်ပုံတင် အထောက်အထားများ တင်ပြနိုင်သူ ၈၅ ဦး၊ စုစုပေါင်း ၉၆ ဦးဟာ စခန်းတွင်းမှာ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရတာကို တွေ့ရတဲ့အတွက် မြန်မာနိုင်ငံကို ပြန်ဖို့အတွက် စီစဉ်ပေးခဲ့တာလို့ ဆိုပါတယ်။ တချိုကတော့ မလေးလဝက က စိစစ်နေတဲ့ အမှုတွေ ကျန်နေသေးတာကြောင့် ပြန်လာခွင့်မရသေးပေမဲ့ မြန်မာနိုင်ငံသား ၆၀ ကိုတော့ ဇန်နဝါရီလကုန်မှာ ပြန်ပို့ခဲ့တယ်လို့ ကွာလာလမ်ပူမြို့မှာ အခြေစိုက်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG