သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာအပါအဝင်တရားမဝင်လုပ်သား သုံးထောင်ကျော် ဖမ်းဆီးခံရ


မြန်မာနိုင်ငံသားတွေ အပါအဝင် မလေးရှားနိုင်ငံမှာ တရားဝင် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းရာမှာ ဒီလထဲမှာတင် ၃ ထောင်ကျော် ဖမ်းဆီးလိုက်တဲ့အတွက် ဒေသတွင်း လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်မှတ်ပုံတင် စာရင်းသွင်းတဲ့ အစီအစဉ် ပြီးခဲ့တဲ့ ဇွန်လကုန်မှာ အဆုံးသတ်ခဲ့ပြီးနောက် တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုတွေ စတင်ခဲ့ရာမှာ ဇူလိုင်လ ၁၁ ရက်နေ့အထိဆိုရင် ၃၁၀၀ ကျော် ရှိခဲ့ကြောင်း မလေးရှားလူဝင်မှု ကြီးကြပ်ရေးက ပြောဆိုထားတာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြပြီး၊ မြန်မာနဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေလည်း အများအပြား ပါဝင်ပါတယ်။

တရားမဝင် အလုပ်သမားတွေကို အကြီးအကျယ် ဖမ်းဆီးနှိမ်နင်းမှုတွေကြောင့် မလေးရှားနဲ့ အိမ်နီးချင်း နိုင်ငံတွေက တက်ကြွလှုပ်ရှားသူတွေ သာမက ဒေသတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးသမားတွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ကတော့ တိုင်းပြည်မှာ တရားမဝင် အလုပ်သမားအရေအတွက်ကို လျှော့ချချင်တာနဲ့ အားနည်းတဲ့သူတွေအပေါ် ဖိနှိပ်တာမျိုး မဖြစ်သင့်တဲ့ အကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တရားဝင် အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ရှိနေတဲ့ ပြဿနာကို မလေးရှားနိုင်ငံက ဖြေရှင်းရမှာ ဖြစ်ပေမဲ့၊ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့လည်း တာဝန်ရှိတဲ့အကြောင်း သတိပေးခဲ့တာပါ။ တရားဝင် အထောက်ထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းထားတဲ့ မလေးရှားနိုင်ငံမှာ အခုနောက်ဆုံး အာဏာပိုင်တွေရဲ့ ဖမ်းဆီးနှိမ်နင်းမှုတွေအတွင်း တရားမဝင်အလုပ်သမားတွေကို ငှားရမ်းခိုင်းစေမှုနဲ့ အလုပ်ရှင် ၆၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG