သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်သမားဥပဒေသစ်ထုတ်ပြန်အပြီး တရားမဝင်အလုပ်သမား ထောင်ချီဖမ်းဆီး


အဖမ်းခံထားရသည့် နာနတ်သီးစက်ရုံရှိ မြန်မာအလုပ်သမားများ။ မဟာချိုင်၊ ထိုင်း။ ဇူလိုင် ၃၊ ၂၀၁၆။
အဖမ်းခံထားရသည့် နာနတ်သီးစက်ရုံရှိ မြန်မာအလုပ်သမားများ။ မဟာချိုင်၊ ထိုင်း။ ဇူလိုင် ၃၊ ၂၀၁၆။

ထိုင်းနိုင်ငံတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ထိုင်းအစိုးရရဲ့ ဥပဒေသစ် ထုတ်ပြန်အပြီးမှာပဲ ထိုင်းနိုင်ငံတဝှမ်း ထောင်ချီတဲ့ တရားမဝင်အလုပ်သမားတွေကို အထူးစီမံချက်နဲ့ လုံခြုံရေးအင်အားသုံးပြီး လိုက်လံဖမ်းဆီးနေပြီဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးဘက်က မြန်မာအလုပ်သမားတွေ အနေနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ကိုင်ဆောင်ထားကြဖို့ တကယ်လို့ မိမိမှာ ခိုင်လုံတဲ့နေထိုင်ခွင့်အထောက်အထားမရှိရင် နေရပ်ရင်းကိုသာပြန်ကြဖို့ အထူးသတိပေးကြေညာချက်ထုတ်ပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

ထိုင်းအစိုးရက ဇွန်လ၂၀ရက်နေ့မှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအတွက် အလုပ်သမားဥပဒေသစ်တရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေသစ်အရ တကယ်လို့ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့သူကို တွေ့ရှိရင် နိုင်ငံခြားသားအလုပ်သမားတွေကိုဒဏ်ငွေ ဘတ်နှစ်ထောင်ကနေ ဘတ်လေးသိန်းအထိနဲ့ ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ထိုင်းအစိုးရဘက်က အလုပ်သမားဥပဒေသစ်ထုတ်ပြန်ပြီးပြီးချင်းမှာပဲ ထိုင်းနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စက်ရုံ၊ အလုပ်ရုံ၊ ဈေး၊ စိုက်ပျိုးရေးလုပ်ငန်းခွင်နဲ့ နေအိမ်တွေမှာ အထူးစီမံချက်အနေနဲ့ ထိုင်းစစ်တပ်နဲ့ရဲအပါအဝင် အထူးတပ်ဖွဲ့တွေက ရှောင်တခင် ပိုက်စိပ်တိုက်လိုက်လံရှာဖွေဖမ်းဆီးခဲ့တာမှာ အခုဆို မြန်မာအပါအဝင် နိုင်ငံခြားသားတရားမဝင် ရွှေ့ပြောင်းအလုပ်သမား ထောင်နဲ့ချီ အဖမ်းဆီးခံနေရပြီဖြစ်ပါတယ်။

မြန်မာအလုပ်သမားသန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ထိုင်းနိုင်ငံတွင်း အခုလို အလုပ်သမားဥပဒေသစ်ထုတ်ပြန်ပြီး စီမံချက်နဲ့ လိုက်လံဖမ်းဆီးနေချိန်မှာပဲ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးဘက်က မြန်မာအလုပ်သမားတွေကို ဇွန်လ၂၆ရက်နေ့ကအထူးသတိပေးကြေညာချက် ထုတ်ပြန်သတိပေးပါတယ်။ အဓိကသတိပေးတာကတော့ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေကို ကိုင်ဆောင်ထားကြဖို့နဲ့ တကယ်လို့ ကိုယ့်အလုပ်ရှင်နဲ့ ကိုယ့်မှာရှိတဲ့အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထဲက အလုပ်ရှင်မတူရင် သက်ဆိုင်ရာမှာ တရားဝင်ပြောင်းလဲထားကြဖို့ စတာတွေကို သတိပေးထားပါတယ်။ အရေးကြီးဆုံးအချက်အနေနဲ့ကတော့ တကယ်လို့ မိမိမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ခိုင်လုံတဲ့အထောက်အထား လုံးဝမရှိဘူးဆိုရင်တော့ အခုထိုင်းအစိုးရက ထုတ်ပြန်တဲ့ဥပဒေသစ်ဟာ ပြစ်ဒဏ်ကြီးလေးလွန်းတဲ့အတွက် မြန်မာနိုင်ငံကိုသာပြန်ကြပါလို့ ဘန်ကောက်မြို့ရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ထားတာပါ။

ထိုင်းအစိုးရအနေနဲ့ ဥပဒေသစ်ထုတ်ပြန်အပြီး အခုလိုချက်ခြင်းဖမ်းဆီးအရေးယူတဲ့အပေါ်မှာတော့ သူ့နိုင်ငံကထုတ်ပြန်တဲ့ ဥပဒေကို လေးစားလိုက်နာကြရမှာဖြစ်ပေမဲ့ လူသားချင်းစာနာမှုအနေနဲ့ ဒီဥပဒေအပေါ် ပညာပေးသတိပေးတာတွေကို ပညာပေးကာလအနေနဲ့ အရင်လုပ်သင့်တယ်လို့ ထိုင်းနိုင်ငံက သံရုံးတာဝန်ရှိသူတွေအနေနဲ့အတူ အလုပ်သမားရေးလိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးဦးအောင်မျိုးသန့်က သုံးသပ်ပါတယ်။

“အဲဒီတော့ အဲဒီလိုထုတ်ပြန်ထားတဲ့ ဥပဒေတွေပေါ်မူတည်ပြီးတော့ အခုလိုဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့အထူးပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒီလိုအမိန့်တွေထွက်လာတဲ့အခါမျိုးမှာတော့ အမိန့်ထွက်လာပြီးရင် ၂ လ၊ ၃ လ ကြိုတင်ပြီးတော့ ပညာပေးအနေနဲ့ ဆွေးနွေးပြောဆိုကြပြီးတော့မှ သာလျှင် အရေးယူဆောင်ရွက်ရင်တော့ သင့်တော်မယ်လို့ထင်ပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံဘက်က အလုပ်သမားဝန်ကြီးဌာန အနေနဲ့လည်း သံရုံးဘက်ကလည်း ဒီလိုဖြစ်တာတွေအပေါ်ကို စောင့်ကြည့်နေတဲ့သဘောရှိပါတယ်။ သို့သော် အချိန်အခါပေးဖို့ရယ် နောက် ဒီလိုဖမ်းဆီးတဲ့အခါမှာ အလုပ်သမားတွေအနေနဲ့ ငယ်တဲ့ကလေးများ၊ နောက်တခါ ကျန်းမာရေးမကောင်းတဲ့လူတွေကို ဘယ်လိုကူညီစောင့်ရှောက်ပေးရင် ကောင်းမလဲဆိုတာလည်းလိုအပ်ပါတယ်။ နောက်တခုက ဒီလိုဖမ်းဆီးတဲ့အခါမှာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေကိုလည်း တတ်နိုင်သမျှ ပိုင်ရှင်ရယူသွားနိုင်အောင် ဆောင်ရွက်ပေးရင်တော့ ကောင်းမယ်ဆိုတဲ့ အနေအထားမျိုးတွေ့ရပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့လည်း အလုပ်လုပ်ရာနေရာ၊ ဒါမှမဟုတ် နေထိုင်ရာနေရာတွေမှာ မိမိတို့ရဲ့ နေထိုင်ခွင့်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေကို စနစ်တကျ ကိုင်ဆောင်ထားကြဖို့နဲ့ သတိထားနေထိုင်ကြဖို့လည်း အထူးသတိပေးပါတယ်။

“ထိုင်းနိုင်ငံထဲမှာ အခု မူးယစ်ဆေးဝါးအနေနဲ့သော်လည်းကောင်း ၊ လူကုန်ကူးမှုအနေနဲ့သော်လည်းကောင်း ပြန်လည်ပြီးတော့ မြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဥပဒေအရဆောင်ရွက်မယ်ဆိုတာမျိုးရှိထားတဲ့အတွက်ကြောင့်လည်း ကျနော်တို့ မြန်မာသံရုံးအနေနဲ့ သတိပေးထားတာရှိပါတယ်။ မိမိနိုင်ငံသားအလုပ်သမားတွေဟာ စာရွက်စာတန်းတွေအထောက်အထားတွေ ပြည့်စုံအောင်ရနိုင်ရင် ရအောင်လုပ်ထားပြီးတော့ မပြည့်စုံတော့ဘူး မရှိတော့ဘူး ၊ အထောက်အထားမရနိုင်တော့ဘူး ဆိုရင်တော့ မိမိနိုင်ငံကိုပြန်ပြီးတော့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့စနစ် အပေါ်မှာသာလျှင် ဆောင်ရွက်သွားကြဖို့ကို ကျနော်တိုက်တွန်းလိုပါတယ်။”

အလုပ်သမားရေးလိုက်လံကူညီပေးနေတဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းကတော့ သန်းနဲ့ချီအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအရေး ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ နောက် မြန်မာအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းအစိုးရနဲ့ အတူ အခုလက်ရှိမြန်မာအလုပ်သမားတွေ ကြုံနေရတဲ့အခြေအနေအပေါ် ပူးပေါင်းဖြေရှင်းပေးစေလိုတယ်လို့ တိုက်တွန်းပါတယ်။

“ဒီလိုဥပဒေ ချက်ချင်းပြဌာန်းပြီးတော့ လုပ်ငန်းခွင်တိုင်းကိုဝင်ဖမ်း၊ ဈေးတွေကိုဝင်ဖမ်း၊ သွားတဲ့ ကားဂိတ်တွေမှာ ဝင်ဖမ်းဆိုတာက တော်တော်ကြီးကို ပြင်းပြင်ထန်ထန်အရေးယူဆောင်ရွက်တာကို တွေ့ရတယ်။ မြန်မာသံရုံးက မနေ့က စာတစောင်ထွက်လာတာက တရားမဝင်အလုပ်သမားတွေပြန်ပါ၊ Work Permit တွေပြောင်းပါဆိုတာလောက်ပဲ ဒီလောက်နဲ့မလုံလောက်ဘူး။ လုပ်နိုင်တာတွေက အလုပ်သမား ၃-၄ သန်းရှိတဲ့အထဲက ၂ လဖြစ်ဖြစ်၊ ၃ လဖြစ်ဖြစ် လုံလောက်တဲ့အချိန်တခုကိုတောင်းနိုင်တာမျိုးတော့ သူတို့လုပ်နိုင်တာပေါ့။”

ထိုင်းအစိုးရရဲ့ ဥပဒေထဲမှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးတွေ့ရှိမယ်ဆိုရင် အလုပ်သမားတွေကို ငှားရမ်းလက်ခံထားတဲ့ အိမ်ရှင်သူဌေးတွေနဲ့ အလုပ်သမားတွေဆီက စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတဲ့အလုပ်ရှင်တွေကိုလည်း ဘတ်ငွေသိန်းချီ ဒဏ်ငွေချမှတ်မှာဖြစ်သလို ထောင်ဒဏ်လည်းချမှတ်မယ်လို့ ကြေညာထားပါတယ်။ထိုင်းအစိုးရဘက်ကတော့ နိုင်ငံခြားအလုပ်သမားတွေအတွက် ဥပဒေသစ်ထုတ်ပြန်အပြီး ရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေကိုင်နေသူတွေကို ပိုက်စိုက်တိုက် လိုက်လံရှာဖွေဖမ်းဆီးမှုတွေကို စစ်တပ်၊ ရဲနဲ့ အထူးတပ်ဖွဲ့ဝင်တွေဘက်က အင်အားသုံးအရှိန်မြင့်လုပ်ဆောင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG